News

POST TYPE

REGIONAL

တရားမဝင် ဘင်္ဂါလီတင်ဆောင်သည့် ယာဉ်လိုင်း တစ်လ အပိတ်ခံရမည်
02-Nov-2016
ထားဝယ်၊ နိုဝင်ဘာ ၁

တရားမဝင် ဝင်ရောက်လာသော ဘင်္ဂါလီ လူမျိုးများ တင်ဆောင်သည့် အဝေးပြေးယာဉ်လိုင်း အချို့ကို တစ်လ ပိတ်သိမ်း အရေး ယူသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဌာန (ပို့/ဆက်) ထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ဘင်္ဂါလီ အမျိုးသား ၂ ဦး တင်ဆောင်လာသည့် ရွှေဝယ်ရတနာ ယာဉ်လိုင်းနှင့် အောက်တိုဘာလ ၂၆ ရက်နေ့ က ရန်ကုန်မှ မြိတ်မြို့သို့ ထွက်ခွာလာသည့်  အောင်ရတနာ ကားပေါ်တွင် ဘင်္ဂါလီ အမျိုးသမီး ၃ ဦး ဖမ်းမိခဲ့ပြီးနောက် ထိုသို့ အရေးယူမှု ပေါ်လာခြင်း ဖြစ်သည်။

တိုင်းအတွင်း ဝင်ထွက်သွားလာနေသည့် ယာဉ်လိုင်းများကို တရားမဝင် ဘင်္ဂါလီ တင်ဆောင်မှု မရှိစေရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာလ ၂၄ ရက်တွင် စာပို့အကြောင်းကြား ထားသည်။

ရွှေဝယ်ရတနာ ယာဉ်တွင် ဘင်္ဂါလီများ ဖမ်းမိမှုမှာ ပို့/ဆက် ဦးစီးဌာနမှ ညွှန်ကြားချက် မထွက်မီ ဖြစ်ပွားခဲ့သည့်အတွက် ယာဉ် ၂ စီးကို ပြေးဆွဲခွင့် တစ်လ ပိတ်လိုက်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကိုလည်း တစ်လမောင်းနှင် လိုက်ပါခွင့် ပိတ်လိုက်သည်။ ရန်ကုန်မှ ဂိတ်မှူးအား ထုတ်ပယ်စေရန်လည်း ထားဝယ်ခရိုင် ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေး လုပ်ငန်း ကြီးကြပ်ရေး ကော်မတီက အရေးယူထားကြောင်း ပို့/ဆက် တိုင်း ဦးစီးမှူးက ပြောကြားသည်။

ညွန်ကြားချက် ထွက်ပြီးမှ ဘင်္ဂါလီများ ဖမ်းမိခဲ့သော အောင်ရတနာ ယာဉ်လိုင်းကို ယာဉ်လိုင်း ပြေးဆွဲခွင့် တစ်လ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပို့/ဆက် ဦးစီးမှူးက ပြောကြားသည်။

“နောက်ပိုင်းမှာ ဘင်္ဂါလီ တင်ဆောင်လာလို့ ဖမ်းမိရင် တိုင်းအစိုးရ ညွှန်ကြားချက်အတိုင်း အရေးယူသွားမယ်”ဟု ပို့/ဆက်ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးတင်စိုး (၁) ကဆိုသည်။

တရားမဝင် ဘင်္ဂါလီမှန်းသိလျက် ငွေကြေး တစ်ခုတည်းကိုသာ ကြည့်ကာ တင်ဆောင်ခြင်း မပြုရန် လိုအပ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက ဆိုသည်။

ယင်းအပြင် တိုင်းအတွင်း လူဝင်၊ လူထွက် အဓိက နေရာများကို စစ်ဆေးသွားရန် ညွှန်ကြားထားပြီး တရားမဝင် ဘင်္ဂါလီ ဝင်ရောက်မှု မရှိစေရေး ဆောင်ရွက်နေသည်။

“ခရီးသည်တင်ကားကြီးတွေအပြင် ကားအသေးလေးတွေကိုပါ စစ်ဆေး ခိုင်းထားတယ်”ဟု တိုင်းအစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။

တိုင်းအတွင်း ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက်နေရာများကို ပြေးဆွဲနေသည့် ယာဉ်လိုင်း ၇ဝ လိုင်း၊ တိုင်းတွင်း တိုင်းကျော် (တိုင်းအခြေပြု ပြေးဆွဲနေသည့် ယာဉ်လိုင်း) ၄၄ လိုင်းနှင့် အခြား ပြည်နယ်၊ တိုင်းမှ လာရောက် ပြေးဆွဲနေသည့် ယာဉ် လိုင်း ၂၆ လိုင်းရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ညှိနှိုင်းမှုဌာန (ပို့/ဆက်) ထံမှ သိရသည်။

Dawei Watch


  • VIA