News

POST TYPE

REGIONAL

ကရင်ပြည်နယ်နေ့တွင် ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပမည်
01-Nov-2016

ဘားအံ၊ နိုဝင်ဘာ ၁

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ဖြစ်သော ၆၁ ကြိမ်မြောက် ကရင်ပြည်နယ်နေ့တွင် ရိုးရာ လှေလှော်ပြိုင်ပွဲကို ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း ဘားအံခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ စုံစမ်း သိရှိရသည်။

ယခင်က ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ရိုးရာလှေလှော် ပြိုင်ပွဲများ ထည့်သွင်း ကျင်းပခဲ့သော်လည်း  ယင်း ပြိုင်ပွဲကို ရပ်နားခဲ့သည်မှာ ဆယ်စုနှစ် အနည်းငယ် ကြာမြင့်ခဲ့ကြောင်း၊  အစိုးရသစ် လက်ထက်တွင် ပြည်နယ် ဝန်ကြီးချုပ်၏ ဆန္ဒပြုချက်ဖြင့် ရိုးရာအားကစားနည်းများ ပြန်လည် ထည့်သွင်းရာတွင် လှေလှော် အားကစားနည်းကို ပြန်လည် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း ဘားအံခရိုင် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှူး ဦးစတင်အောင်မြင့်က ရှင်းပြသည်။

“နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၈ နာရီ စပြိုင်မယ်၊ လောလောဆယ်စာရင်း ပေးထားတဲ့ အသင်း ၁ဝ သင်း ကျော်ရှိတယ်၊ တစ်သင်းကို ပြိုင်ပွဲဝင် ၇ ဦး သတ်မှတ် ထားတယ်၊  ပြိုင်ပွဲတွေက ၄ တက်လှော်နဲ့ ၃ တက်လှော်ပြိုင်ပွဲတွေ ပါမယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ပြိုင်ပွဲကို  ဘားအံမြို့၏ အထင်ကရ ရေအိုင် တစ်ခုဖြစ်သော ကန်သာယာ ရေကန်တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲ အတွက် မီတာ ၅ဝဝ နှင့် ၄၂ ပေအကျယ် ပြေးလမ်း ၅ ခုကိုပြုလုပ်ထားပြီး ပြိုင်ပွဲဝင် လှေ ၅ စင်းနှင့် ပြေးလမ်းကို မဲစနစ်ဖြင့် ဆုံးဖြတ်မည်ဖြစ်ကြောင်းက ရှင်းပြသည်။

“ကျွန်တော်တို့အသင်းက ၄ တက် နဲ့ ၃ တက် နှစ်မျိုးလုံးကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်၊ ခုစတင် လေ့ကျင့်နေပါတယ်၊ ကိုယ့်ထက် ငယ်တဲ့ လူငယ်တွေကို အားကစားမှာ အားပေးချင်တာရယ်။ နောက်ရိုးရာ လှေလှော်ပြိုင်ပွဲတွေကို လူတွေ ပိုစိတ်ဝင် စားစေချင်လို့ ကျွန်တော်တို့ အသင်း လာပြိုင်တာပါ”ဟု မာတလိ ရိုးရာ လှေလှော်အသင်း၏ အသင်းခေါင်းဆောင် ဦးသက်တင်က ပြောကြားသည်။



  • VIA