News

POST TYPE

REGIONAL

ကုန်တင်ယာဉ်တစ်စီး ပေ ၃၀၀ နက်သည့် ချောက်အတွင်း ထိုးကျ
01-Nov-2016
ကျိုင်းတုံ၊ နိုဝင်ဘာ ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ကျိုင်းတုံ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် ၄၈၀ နှင့် ၄၈၁ အကြားရှိ ပေ ၃၀၀ ခန့်နက်သည့် ချောင်ကမ်းပါးအတွင်းသို့ အောက်တိုဘာ ၃၁ ရက် ညနေ ၅ နာရီခန့်က ကုန်တင်ယာဉ်တစ်စီး ထိုးကျတိမ်းမှောက်ခဲ့ရာ နှစ်ဦး သေဆုံးခဲ့ကြောင်း မိုင်းပျဉ်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့မှ ဆန်အိတ်များ တင်ဆောင်ကာ အောက်တိုဘာလ၂၄ရက်က ထွက်ခွာလာသည့် KIA အမျိုးအစား ၁၄ ဘီး ကုန်တင်ယာဉ်သည် တာကော်ရွာနှင့် မိုင်းပျဉ်းမြို့ကြား၌ ဆက်သွယ်မှု ပြတ်တောက်သွား၍ ကူညီရှာဖွေပေးရန် ယင်းနေ့တွင် ယာဉ်ပိုင်ရှင်က လာရောက် အကူအညီတောင်းခံသောကြောင့် လိုက်လံရှာဖွေရာ အခင်းဖြစ်နေရာတွင် ယာဉ်တိမ်းမှောက်နေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေဦးက ပြောကြားသည်။
“ကားက ချောက်ထဲက ချောင်းထဲမှာ မှောက်နေတာ တွေ့ရပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကတော့ ကားခေါင်းခန်းထဲမှာ ပိပြီး သေဆုံးနေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၄၀ ခန့် အရွယ်ရှိ မော်တော်ယာဉ်မောင်း ဦးရဲနောင် (သေဆုံး) ကို ယာဉ်(ပ) ၅/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) အရ အမှုဖွင့် အရေးယူထားကြောင်း မိုင်းပျဉ်းမြို့မ ရဲစခန်းထံမှ သိရသည်။

ဓာတ်ပုံ - SPTH