News

POST TYPE

REGIONAL

ချင်းတွင်းမြစ်ရေ မြင့်တက်သဖြင့် မြစ်ကမ်းဘေးရှိ မြို့လေးမြို့မှ စာသင်ကျောင်း ၁၃၀ ကျော် ဆက်လက်ပိတ်ထားရ
28-Jul-2016
ချင်းတွင်းမြစ်ရေ မြင့်တက်ပြီး မြစ်ကမ်းဘေးရှိ မြို့များအတွင်း မြစ်ရေများ ဝင်ရောက်သဖြင့် မြစ်ကမ်းဘေးရှိ မြို့လေးမြို့မှ စာသင်ကျောင်း ၁၃၀ ကျော် ဆက်လက်ပိတ်ထားရကြောင်း ခန္တီးခရိုင် ပညာရေမှူးရုံးမှ သိရသည်။

ချင်းတွင်းမြစ် အထက်ပိုင်းတွင်း မိုးဆက်တိုက် ရွာသွန်းပြီး ချင်းတွင်းမြစ်ရေ မြင့်တက်သဖြင့် စစ်ကိုင်းတိုင်း အတွင်းရှိ ချင်းတွင်းမြစ်ကမ်းဘေးရှိ မြို့များဖြစ်သော ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့များရှိ စာသင်ကျောင်းပေါင်း ၁၃၂ ကျောင်းကို ဇူလိုင် ၂၂ ရက်မှ စတင်ပိတ်ထားခဲ့ရာ ယနေ့ (ဇူလိုင် ၂၈ ရက်) ရောက်သည်အထိ မြစ်ရေမကျသဖြင့် ပိတ်ထားရဆဲ ဖြစ်ကြောင်း ခန္တီးခရိုင် ပညာရေမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ 

“တချို့ကျောင်းတွေက ရေတော့မရောက်ဘူး။ ဒါပေမယ့် ရေဘေးရှောင်စခန်းအဖြစ် ဖွင့်ထားရတယ်။ တချို့ကျောင်းတွေကျတော့ ရေဝင်တယ်။ တချို့ကျောင်းတွေမှာတော့ လူနေအိမ်ထဲ ရေဝင်ပြီး မိဘတွေလဲ ဒုက္ခရောက်နေကြတာနဲ့ ကလေးတွေကို ကျောင်းမလွှတ်နိုင်တဲ့အတွက် ပိတ်ထားရတာ ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ချင်းတွင်းမြစ်ရေ ဝင်သဖြင့် ပိတ်ထားရသည့် စာသင်ကျောင်းများ ကျောင်းပြန်ဖွင့်လှစ်နိုင်သည့် အချိန်တွင် သင်ခန်းစာများ နောက်မကျစေရန် ရက်အစားထိုး သင်ကြားမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ကိုယ်ကိုယ်တိုင်က ဟိုရွှေ့ဒီရွှေ့ လုပ်နေရတာဆိုတော့ ကလေးတွေ ကျောင်းလွှတ်ဖို့ကလည်း စိတ်မချတာနဲ့ ကျောင်းမလွှတ်တော့တာ” ဟု ဟုမ္မလင်းမြို့မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။