News

POST TYPE

REGIONAL

မောင်တော အကြမ်းဖက်မှု အစီရင်ခံစာ ပြည်နယ်လွှတ်တော် စုံစမ်းရေး ကော်မတီ နှစ်ပတ်အတွင်း ပြုစုမည်
31-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၃၁

ရခိုင်ပြည်နယ် မောင်တောတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး  အစီရင်ခံစာ တစ်ရပ်ကို ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် အကြမ်းဖက်မှု  လေ့လာ စုံစမ်းရေး ကော်မတီက လာမည့် နှစ်ပတ်အတွင်း ပြုစုသွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးဖြင့် အောက်တိုဘာလ ၂၄ ရက်နေ့က စတင် ဖွဲ့စည်းခဲ့သော ယင်း ကော်မတီသည် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ ပြီးခဲ့သည့်ရက်ပိုင်းက စုံစမ်း စစ်ဆေးမှုများ သွားရောက် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စုံစမ်းရေး ကော်မတီသည် ဘူးသီးတောင်နှင့် မောင်တော ဒေသများတွင် ရှိသော နေရပ် စွန့်ခွာလာသည့် ဒေသခံများကို တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြပြီး အကြမ်းဖက် တိုက်ခိုက်မှု  စတင် ဖြစ်ပွားခဲ့သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ် စခန်းနှင့် အနီးတစ်ဝိုက် ကျေးရွာများသို့လည်း သွားရောက်၍ စုံစမ်း စစ်ဆေးရေး ပြုလုပ်ခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ကော်မတီ၏ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို နှစ်ပတ်အတွင်း ပြုစုသွားမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို ရခိုင် ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည်နယ် အစိုးရတို့ အပါအဝင် ပြည်ထောင်စု အစိုးရအဆင့်ထိ တင်ပြသွားမည် ဖြစ်ကြောင်း စုံစမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ယင်းဒေသတွင် နယ်စပ် လုံခြုံရေး စည်းရိုး လုံခြုံမှု ရှိရန်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို စွမ်းရည် မြှင့်တင်ပေးရန်၊ ရခိုင်ကျေးရွာများကို လုံခြုံရေး တပ်ဖွဲ့များ ဖွဲ့ပေးရန်၊ လက်နက် တပ်ဆင်ပေးရန်၊ တိုင်းရင်းသား ကျေးရွာများ ရေရှည် တည်မြဲရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ပေးရန်တို့ လိုအပ်နေကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ စုံစမ်းရေး ကော်မတီရဲ့ လုပ်ငန်းတာဝန် အားလုံးက လာမယ့် ဒီဇင်ဘာလ ၃ဝ ရက်နေ့မှာ ပြီးစီးမှာ ဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲစခန်း သုံးခုကို အကြမ်းဖက် တိုက်ခိုက်သူများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့သည်။

လက်ရှိအချိန်ထိ အဆိုပါ ဒေသတွင် နယ်မြေ လုံခြုံရေးနှင့် ဆုံးရှုံးသွားသော လက်နက်များ ပြန်လည် ရရှိရေးအတွက် တပ်မတော်က နယ်မြေ ရှင်းလင်းလျက်ရှိသည်။



  • VIA