News

POST TYPE

REGIONAL

မောင်တော နယ်ခြားစောင့် ရဲကင်းမှ စိတ်ကြွဆေးပြား သုံးသိန်းဖမ်းမိ၊ ရဲခုနစ်ဦးကို ဖမ်း
28-Jul-2016

မောင်တော၊ ဇူလိုင် ၂၇

ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု လက်အောက်ရှိ ကျောက်ပန္တု  ကင်းစခန်း အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား သုံးသိန်းခန့်ကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ အလယ်သံကျော် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

မောင်တောမြို့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု လက်အောက်ရှိ ကျောက်ပန္တုကင်းစခန်းအတွင်း မူးယစ်ဆေးဝါးခြောက်သိန်း သိုလှောင်ထားကြောင်း သတင်းအရ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး (ယာယီ) ဒုတိယရဲမှူးကြီး တင့်ဇော်ဦး ဦးဆောင်သည့်အဖွဲ့က ရှာဖွေ ခဲ့ရာ ကင်းစခန်းရှိ မီးဖိုခန်းအတွင်း မြေကျင်းတူး၍ ဝှက်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ပြည်သူတစ်ယောက်က သတင်းပေးလို့ ဝင်ရှာတာ။ မီးဖိုဆောင်အောက်က မြေကျင်းထဲမှာ ဝှက်ထားတဲ့ ပစ္စည်းတွေကို တွေ့ခဲ့တာပါ။ လက်ရှိမှာတော့ တပ်ဖွဲ့ဝင် ခုနစ်ဦးကို စစ်ဆေးနေတယ်။ ရဲလုပ်ငန်း ဥပဒေတွေအရ အမှုဖွင့် အရေးယူမှာပါ” ဟု အလယ်သံကျော် စခန်းမှ ရဲအရာရှိက ပြောကြားသည်။

မူးယစ်ဆေး ၂၉၂,၅၀၀ ပြားနှင့်အတူ ဖမ်းဆီးခံရသည့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို စစ်ဆေးနေကြောင်း မောင်တော်မြို့နယ် ရဲတပ်ဖွဲ့ဝင် အချို့ထံမှလည်း သိရသည်။

“ဖမ်းဆီးရမိတဲ့ ဆေးပြားအရေအတွက်က ဆယ်သိန်းလို့ ကြားတယ်၊ ကင်းစခန်းက ရဲတွေအနေနဲ့ ဖမ်းဆီးရမိထားတာတွေကို သက်ဆိုင်ရာကို မအပ်ဘဲ ထားတာလို့ ကြားရတယ်” ဟု အလယ်သံကျော် ကျေးရွာမှ ဒေသခံတဦးဖြစ်သည့် ဦးသိန်းရွှေဝင်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၌ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသည့် ဖြစ်စဉ်များ ယခင်ကလည်း ရှိခဲ့ကြောင်း မောင်တောဒေသခံများ အဆိုအရ သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြိုမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါး တင်ပို့မှု ကြီးထွားနေပြီး  မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး အဖွဲ့တွင် ဌာနပေါင်းစုံ ပါဝင်သော်လည်း ရဲတပ်ဖွဲ့ တစ်ခုတည်းသာ လုပ်ဆောင်နေရကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ရက် ၁၀၀ စီမံချက်ဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အကြိမ် ၆၀ ကျော် ရှိသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ဖော်ပြထားသော်လည်း အဓိက တရားခံများမှားမူ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။