News

POST TYPE

REGIONAL

အဂတိ လိုက်စားမှုဖြင့် ပြင်ဦးလွင် မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ဝန်ထမ်း သုံးဦးကို စွဲချက်တင်
28-Oct-2016

မန္တလေး၊ အောက်တိုဘာ ၂၈

အဂတိ လိုက်စားမှုဖြင့် အမှုဖွင့် ခံရသည့် ပြင်ဦးလွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယ ဦးစီးမှူးနှင့် အကြီးတန်း စာရေးတို့ကို သက်ဆိုင်ရာ တရားရုံးများတွင် စွဲချက် တင်လိုက်ပြီ ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံမှ စုံစမ်း သိရှိရသည်။

“အကြီးတန်း စာရေးကိုတော့ မနေ့က တရားစွဲတယ်။ ကျန်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဒုတိယ အုပ်ချုပ်ရေးမှူးတို့ကို တော့ စစ်ဆေးစရာတွေပြီးလို့ ဒီနေ့မှ စွဲချက်တင်နိုင်တယ်”ဟု အဆိုပါ ကော်မရှင် အဖွဲ့ဝင် ဦးသန်းအောင်က ပြောကြားသည်။

ပြင်ဦးလွင်မြို့နယ် မန်ကျည်း အင်းရွာသစ် ပြည်ထဲရေး အမည်ပေါက်ရွာမြေ တိုးချဲ့ပေးရန် ကိစ္စနှင့် ပတ်သက်၍ ဒေသခံများနှင့် လုပ်ငန်းရှင်များထံမှ တံစိုးလက်ဆောင် ရယူကြောင်း၊ ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တိုင်ကြားခဲ့သဖြင့် ကော်မရှင်မှ ဦးတင်မောင် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စစ်ဆေးခဲ့ရာမှ ယင်းသို့ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ပြင်ဦးလွင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးသည် ၂ဝ၁၄ ခုနှစ်က မန်ကျည်းအင်း ကျေးရွာမြေကိစ္စနှင့် ပတ်သက်၍ ဒေသခံများထံမှ လက်ဆောင်ခြင်း၊ ပုဆိုးအင်္ကျီနှင့် ငွေကျပ် ၁၃၅ သိန်းကို ရယူခဲ့ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးကောင်ဇော်သန့်က ပြင်ဦးလွင် မြို့မ ရဲစခန်းတွင် တိုင်ကြားခဲ့သည်ဟု အဆိုပါ စခန်းမှတ်တမ်းအရ သိရသည်။

ဒုတိယ ဦးစီးမှူး ဦးကျော်ကျော်နိုင်သည် ၂ဝ၁၄ ခုနှစ်နှင့်၂ဝ၁၅ ခုနှစ်အတွင်း မန်ကျည်းအင်း ကျေးရွာ မြေကိစ္စနှင့် ပတ်သက်၍ ဒေသခံများနှင့် လုပ်ငန်းရှင်များထံမှ ပုဆိုးအင်္ကျီနှင့် ငွေကျပ် စုစုပေါင်း ၁၇၅ သိန်း၊  ဝါးနက်ကျေးရွာ မြေကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင် တစ်ဦးထံမှ ငွေကျပ် သိန်း ၄ဝ ကို ရယူခဲ့ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြသည်။

အကြီးတန်း စာရေး ဦးအောင်စိုးမိုးသည် မန်ကျည်းအင်း ကျေးရွာ မြေကိစ္စနှင့် ပတ်သက်၍ ယခုနှစ်တွင် ငွေကျပ် ၉၈ သိန်းကို လက်ခံ ယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြသည်။ 

ယင်းသို့ စစ်ဆေး တွေ့ရှိသဖြင့် ၂ဝ၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒုတိယ ဦးစီးမှူးတို့ကို အရေး ယူပေးရန်၊ အကြီးတန်း စာရေးကို ပုဒ် ၅၇ အရ အရေးယူ ပေးရန် စစ်ဆေးရေးမှူး ဦးကောင်ဇော်သန့်က ပြင်ဦးလွင်မြို့မ ရဲစခန်းတွင် တိုင်ကြားခဲ့သည်။

“ပုဒ်မ ၅၇ အရက သက်ဆိုင်ရာ စီရင်ခွင့်ရှိတဲ့ တရားရုံးမှာ တရားစွဲဆိုရမှာဖြစ်လို့ အကြီးတန်းစာရေးကို ပြင်ဦးလွင်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပြီးပါပြီ။ အုပ်ချုပ်ရေးမှူးနဲ့ဒုတိယဦးစီးမှူးကိုတော့ ပုဒ်မ ၅၆ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲဆိုခဲ့တာပါ”ဟု ဦးသန်းအောင်က ရှင်းပြသည်။

၂ဝ၁၃ ခုနှစ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် တရား လွှတ်တော်တွင် တရားစွဲဆိုရမည်ဖြစ်ပြီး ထောင်ဒဏ် ဆယ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၅၇ အရ သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးတွင် တရား စွဲဆိုရမည် ဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်ထိ ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ပြဌာန်းထားသည်။



  • VIA