News

POST TYPE

REGIONAL

မောင်တော အကြမ်းဖက်မှုတွင် ပါဝင်သူ ၁ဝ ဦး ထပ်မံ ဖမ်းမိ
28-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၂၈

မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သူ ၁ဝ ဦးကို အောက်တိုဘာလ ၂၇ ရက်နေ့က ထပ်မံ ဖမ်းမိကြောင်း မြန်မာ့တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
 
မောင်တောမြို့နယ်အတွင်း တပ်မတော်က နယ်မြေလုံခြုံရေး ဆောင်ရွက်ရာတွင် မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများ တွေ့ရှိ၍ ငါးစာကြူးကျေးရွာ အတွင်းသို့ ဝင်ရောက် ရှင်းလင်းရာ ပြောင်ပိုက် ကျေးရွာအနီး တပ်မတော် စစ်ကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဘင်္ဂါလီ ရှစ်ဦးကို ဖမ်းမိကြောင်း ယင်းသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ရှစ်ဦးကို အမှတ် (၁) နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်) သို့ လွှဲပြောင်း အပ်နှံခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ 

အကြမ်းဖက်သမား တစ်ဦး၏ ထွက်ဆိုချက်အရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သည့် ကျောင်းတောင်ကျေးရွာမှ အဒူလာနှင့် ကြက်မောက်တောင် အနောက်ရွာမှ ဆွေတာမောက်တို့ကို ၎င်းတို့၏ နေအိမ်တွင် ဖမ်းမိကြောင်း မြန်မာ့တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
 
ယင်းအပြင် နတ်မြစ်အတွင်း NAVY SEALs အဖွဲ့မှ လှည့်ကင်းဆောင်ရွက်စဉ် နတ်မြစ်ဘက်သို့ လှော်ခတ် လာသော လှေ ၂ စီးကို တွေ့သဖြင့် မီးဖြင့် အချက်ပြခေါ်ယူရာ လာရောက်ခြင်း မရှိဘဲ ပြန်လှည့် ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဘင်္ဂါလီ ငါးဦး ဖမ်းမိကြောင်း သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

မောင်တောမြို့နယ်၊ ဇီးပင်ချောင်း (တောင်) ကျေးရွာအတွင်း အောက်တိုဘာလ ၂၂ ရက်နေ့က နယ်မြေ ရှင်းရာတွင် အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်သူ လေးဦးကို ဖမ်းမိကြောင်း၊ အကြမ်းဖက်သူများကို ငွေကြေး ထောက်ပံ့ ကူညီနေသည့် မောင်တောမြို့ မြို့မတောင်(၂) ရပ်ကွက်မှ မောင်မောင်စိန် ဆိုသူကိုလည်း ဖမ်းမိကြောင်း မြန်မာ့ တပ်မတော်က သတင်း ထုတ်ပြန်ထားသည်။
 
ငါးခူရကျေးရွာ၌ အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်သူ ခြောက်ဦးကို အောက်တိုဘာလ ၁၉ ရက်နေ့က ဖမ်းမိပြီး ငါးခူရ ရဲစခန်းအား အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် မူစတာအာမတ် အပါအဝင် အကြမ်းဖက်သမား ၁၁ ဦးကို ယင်းနေ့တွင် ဖမ်းမိကြောင်း သတင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။ 

ယင်းသို့ ဖမ်းဆီးမှု မတိုင်ခင်က အကြမ်းဖက် သမား ၃ဝ ကျော် ဖမ်းဆီးထားပြီးဖြစ်ပြီး ၃ဝ နီးပါး သေဆုံးကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။ 


  • VIA