News

POST TYPE

REGIONAL

ရှမ်းပြည်(အရှေ့ပိုင်း)တွင် လူမှုရေးပင်စင်ရရှိသူ ၈၀၀ ကျော်ရှိ
24-Jan-2019


ကျိုင်းတုံ၊ ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များမှ ဘိုးဘွား ၈၀၀ ကျော် လူမှုရေးပင်စင်ရရှိကြောင်း ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဌာနမှူး ဒေါ်ခင်ခင်မြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက် ၉၀ နှစ်အထက် အဘိုးအဘွားများကို လူမှုရေးပင်စင်ပေးအပ်နေရာမှ အသက် ၈၅ နှစ်သို့ လျှော့ချပေးအပ်ခဲ့ရာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၈၂၃ ဦး ပင်စင်ရရှိခဲ့ခြင်းဖြစ်သည်။

“ပြည်နယ်လူဦးရေအရဆို လူမှုရေးပင်စင်ရတဲ့ အဘိုးအဘွားစာရင်းက နည်းနေသေးတယ်။ မှတ်ပုံတင် မရှိရင်တောင် လဝကထောက်ခံချက်၊ ရပ်/ကျေး ထောက်ခံချက်နဲ့ သက်သေနှစ်ဦးတို့က ထောက်ခံရင် လူမှုရေးပင်စင် ရရှိအောင် ကူညီဆောင်ရွက်ပေးပါတယ်”ဟု ယင်းရုံးမှ ဦးစီးမှူး ဒေါ်နွယ်နွယ်ဦးက ပြောကြားသည်။

ကျိုင်းတုံမြို့နယ်တွင် ကျေးလက်ဒေသများ၌ အသက် ၈၅ နှစ်အထက် အဘိုးအဘွား များစွာရှိနေသော်လည်း ယင်းပင်စင်ပေးသည်ကို မသိသူများနှင့် အထောက်အထား မပြည့်စုံမှုတို့ကြောင့် ယင်းပင်စင်ရရှိခံစားခွင့်မရရှိသူများစွာ ကျန်နေသေးကြောင်း အဆိုပါဒေသခံများက ဆိုသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် ၁၀ ခုတွင် လူဦးရေ ၆ သိန်းကျော်နေထိုင်ရာ အသက် ၉၀ နှစ်အထက် အဘိုးအဘွားများကို တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ လူမှုရေးပင်စင် ပေးအပ်ခဲ့ရာ ၂၈၆ ဦးရရှိခဲ့ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အသက် ၈၅ နှစ်အထက်သို့ လျှော့ချပေးအပ်ခဲ့ရာ ၈၂၃ ဦးအထိ အကျိုးခံစားခွင့်ရရှိနေကြောင်း ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။

R-16