News

POST TYPE

REGIONAL

ပုသိမ်ရှိ မေတ္တာဦး (ကိုယ့်မင်းကိုယ့်ချင်း) ဆိပ်ခံတံတား ရွှေ့ပြောင်း
23-Jan-2019


ပုသိမ်၊ ဇန်နဝါရီ ၂၃

တည်ဆောက်နေဆဲ ပုသိမ်မြစ်ကူးတံတားသစ်၏ အောက်တည့်တည့်တွင်ရှိနေသည့်အတွက် မေတ္တာဦး (ကိုယ့်မင်းကိုယ့်ချင်း)ဆိပ်ကမ်းတံတားကို ပိုလန်ဆိပ်ကမ်းဝင်းသို့ ဇန်နဝါရီ ၂၂ ရက်နေ့မှစတင်ရွှေ့ပြောင်းရန် ညွှန်ကြားခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ထို့ပြင် ပုသိမ်မြစ်ကူးတံတားသစ် တည်ဆောက်သည့်အတွက် အရှည်ပေ ၂၇၀၀ ရှိ ကမ်းနားလမ်းတစ်လျှောက် ကမ်းထိန်းနံရံများကို တည်ဆောက်မည်ဖြစ်ပြီး ကမ်းနားလမ်းကိုလည်း မြစ်ဘက်သို့ ၁၆ ပေ အကျယ်ချဲ့ထွင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဋ္ဌေးက ပြောကြားသည်။

“တံတားပြီးသွားတဲ့အခါ ကမ်းနားလမ်းကကျဉ်းသွားပြီး ယာဉ်ကျပ်တည်းမှုမဖြစ်အောင် လမ်းချဲ့တာဖြစ်ပြီး မြစ်ရေတိုက်စားပြီး ကမ်းမပြိုအောင် ကမ်းထိန်းနံရံတွေလုပ်မှာပါ”ဟု ၎င်းကရှင်းပြသည်။

ပုသိမ်မြို့အမှတ် ၄ ရပ်ကွက်နှင့် အမှတ် ၆ ရပ်ကွက်တို့ရှိ ကမ်းနားလမ်းမှာလမ်းကျဉ်းပြီး ငဝန်မြစ် (ပုသိမ်မြစ်) ရေတိုက်စားသဖြင့် ကမ်းပါးပြိုကျလေ့ရှိရာ မကြာခဏ ကမ်းဆယ်ကမ်းထိန်းခြင်းများ ပြုလုပ်ရကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးမှ ဝန်ထမ်းဟောင်း ဦးဘိုင်လေးက ဆိုသည်။

ပုသိမ်မြို့ကမ်းနားလမ်းတစ်လျှောက်တွင် ဒေသတွင်းသွားလာသည့် သင်္ဘောများ စက်လှေများဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်းဆိပ်ကမ်းတံတား ၆ ခုရှိကြောင်း ယခုရွှေ့ပြောင်းနေသည့် ပိုလန်ဆိပ်ကမ်းဝင်းဆိပ်ခံတံတားမှာ အမှတ် ၇ ရပ်ကွက် ကျောက်ငူကမ်းနားလမ်းတွင်ရှိပြီး ယခင်က ပင်လယ်ကူးသင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးထံမှ သိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပုသိမ်တံတားသစ်စီမံကိန်းကို လာရောက်စစ်ဆေးခဲ့ပြီး ကမ်းထိမ်းနံရံများတည်ဆောက်ရေး၊ လမ်းချဲ့ထွင်ရေးနှင့် ဆိပ်ကမ်းတံတား နေရာပြောင်းရွှေ့ရေးတို့ကိုစစ်ဆေးခဲ့သည်။

R-12