News

POST TYPE

REGIONAL

မောင်တော နယ်မြေရှင်းမှုနှင့် အကြမ်းဖက်သမားများ ဖမ်းဆီးမှု ဥပဒေနှင့်အညီ လုပ်ဟု ပြည်ထဲရေး ထုတ်ပြန်
27-Oct-2016


ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။

ရန်ကုန်၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ် မောင်တောဒေသ တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နယ်မြေ ရှင်းလင်းမှု၊ အကြမ်းဖက်သမားများကို ဖမ်းဆီးထိန်းသိမ်းမှုများကို ဥပဒေနှင့် အညီ လုပ်ဆောင်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် (ကျီးကန်းပြင်)ကို အကြမ်းဖက် တိုက်ခိုက်ပြီး လက်နက်များ လုယူသွားမှုတွင် ပါဝင်သည်ဟု ယူဆရသည့် ရီဒါးကျေးရွာမှ ခေါ်ရီ မူလာ အပါအဝင် ဘင်္ဂါလီ ခြောက်ဦးကို အောက်တိုဘာလ ၁၄ ရက်နေ့က အဆိုပါ ကျေးရွာအတွင်း နယ်မြေရှင်းစဉ် ဖမ်းမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ခြောက်ဦးကို လက်နက် (အရေးပေါ် ပြစ်ဒဏ် စီရင်မှု) (ယာယီ) အက်ဥပဒေပုဒ်မ ၂(၁)(က) အရ ဖြင့် အမှုဖွင့်ကာ ကြိမ်ချောင်း နယ်မြေရဲစခန်းတွင် အောက်တိုဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ချုပ်နှောင် စစ်ဆေးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အသက် ၆ဝအရွယ် ခေါ်ရီမူလာကို အောက်တိုဘာလ ၁၇ ရက်နေ့က အမှတ် (၃၅၂) ခြေမြန်တပ်ရင်းမှ ဗိုလ်စောသိန်းနှင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့စု ( ကြိမ်ချောင်းတာဝန်ခံ) တပ်ကြပ်ကြီး အောင်မင်းတို့က ရဲစခန်း အချုပ်မှ ထုတ်ယူ စစ်ဆေးခဲ့ပြီး ယင်းအချုပ်သို့ပြန်ပို့ရာတွင် အချုပ်ခန်းဗူးဝအနီးတွင် ခေါ်ရီမူလာသည် တပ်ဖွဲ့ဝင် တစ်ဦးထံမှ သေနတ် လုယူသဖြင့် ဗိုလ်စောသိန်း၊ တပ်ကြပ်ကြီး အောင်မင်း တို့မှ ဝိုင်းဝန်း ထိန်းသိမ်းခဲ့ကြောင်း ဆက်လက် ဖော်ပြထားသည်။

ယင်းသို့ထိန်းသိမ်းစဉ် ခေါ်ရီမူလာမှာ သတိလစ် မေ့မြောသွား၍ မောင်တော ပြည်သူ့ဆေးရုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်စဉ် လောင်းဒုံကျေးရွာ အနီးအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ခေါ်ရီမူလာနှင့်အတူ ဖမ်းမိသည့် ခေါ်ရီမူလာ၏ သားဖြစ်သူ သုံးဦး၊ ညီဖြစ်သူ တစ်ဦးနှင့် အခြားတစ်ဦးကို လက်နက် (အရေး ပေါ် ပြစ်ဒဏ် စီရင်မှု) (ယာယီ) အက်ဥပဒေ ပုဒ်မ ၂(၁)(က) ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများ အကြမ်းဖက်မှုနှင့် ပတ်သက်၍ နယ်မြေ ရှင်းလင်းရာတွင် ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်းကာ တရားဥပဒေနှင့်အညီ လုပ် ဆောင်ဆောင်နေကြောင်း၊ အကြမ်းဖက်မှု တွင် ပါဝင်သဖြင့် ဖမ်းဆီးထားသူများကို စစ်ဆေးရာတွင်လည်း တရားဥပဒေနှင့် အညီ လုပ်ဆောင်နေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောဆိုထားသည်။

“ဒီအချိန်မှာတော့ လုံခြုံရေးထက် မြင့်တဲ့ ကာကွယ်ရေး အပိုင်းလုပ်ရမယ်။ ကာကွယ်ရေးကတော့ တို့ မတတ်နိုင်ဘူး။ အဲတာကြောင့်တို့ရဲ့ နောင်တော်အဖွဲ့ဖြစ်တဲ့ တပ်မတော် ဦးဆောင်မှု အောက်မှာ လုပ်ရတယ်။ လုပ်တဲ့အခါ တရားဥပဒေနဲ့ အညီလုပ်တယ်။ စစ်ဆေးတယ်။ ဖော်ထုတ်တယ်”ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်မှုတွင် ပါဝင်သဖြင့် ဖမ်းဆီးထားသူများနှင့် ပတ်သက်၍ ICRC အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အချိန်မရွေး ဝင်ရောက် စစ်ဆေးနိုင်ကြောင်း ၎င်းက ပြောဆိုထားသည်။

မောင်တောနှင့် ရသေ့တောင် မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် စခန်းသုံးခု အောက်တိုဘာလ ၉ရက်နေ့က အကြမ်းဖက် တိုက်ခိုက်ခံရမှုတွင် ရဲအရာရှိ တစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ကိုးဦး သေဆုံးပြီး လက်နက် ခဲယမ်းများကို အကြမ်းဖက်သူများယူ ဆောင်သွားခဲ့သည်။


  • VIA