News

POST TYPE

REGIONAL

တောဆင်ရိုင်းများကို ခြောက်လှန့်မည့်ဟွန်းများ တပ်ဆင်
17-Jan-2019

တိုက်ကြီး၊ ဇန်နဝါရီ ၁၇

တိုက်ကြီးမြို့နယ်အတွင်း ပဲခူးရိုးမတောင်ခြေရှိ ကျေးရွာများ တောဆင်ရိုင်းများ ဝင်ရောက်မှုများလာခြင်းကြောင်း ဇန်နဝါရီလ ၁၇ တွင် တောဆင်ရိုင်းများ ခြောက်လှန့်နိုင်သည့်အသံကျယ်လောင်သည့်ဟွန်းများကို ကူညီထောက်ပံ့ခဲ့ကြောင်း Smithsonian Consarvation Biology Institution (SCBI)အဖွဲ့မှ တာဝန်ရှိသူက ပြောကြားသည်။

“ဆင်ရိုင်းတွေက တောင်သူတွေ စိုက်ပျိုး သီးပင်စားပင်တွေကို ဖျက်စီးတယ်။ အဲဒါကိုလည်း အဖွဲ့က လျှပ်စစ်ခြံစည်းရိုးတွေ ခတ်ထားပေးတယ်။ တောဆင်တွေ ရွာထဲအထိ ဝင်လာရင် ရွာသားတွေ သိအောင်ရယ် ဆင်တွေ မခံနိုင်လောက်တဲ့ ဟွန်းတွေကို တောဆင်တွေ အများဆုံး လာသည့် ချောင်းစောက်ကျေးရွာအုပ်စုတွင် ၂ လုံးနှင့် ဖလုံဘူတာကျေးရွာအုပ်စု ကွမ်းသီးမြောင်ကျေးရွာတွင် တစ်လုံး ကူညီပေးထားတယ်။ နောက်ထပ်လည်း ထောက်ပံ့ဖို့ စီစဉ်ထားပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဟွန်းသည် ကာလပေါက်ဈေး ၇ သောင်းရှိပြီး ယင်းတွင် အသံစနစ် သုံးမျိုးပါရှိ၍ 12V ဘက်ထရီဖြင့် ချိတ်ဆက်ရကြောင်း အသံစနစ်သည် ကျယ်လောင်စွာ မြည်၍ တောဆင်ရိုင်းများ နားမခံနိုင်သည့်အသံမျိုးပါရှိသည်။

“ညဆို တောဆင်တွေ အုပ်လိုက်လာတယ်။ အပင်တွေကို စားသောက်ဖျက်စီးတဲ့အပြင် ရွာထဲအစာ လိုက်လံရှာဖွေတတ်တော့ ညဘက်တောဆင်တွေ လာရင် ဒီဟွန်းနဲ့ဆို အတော်လေး အလုပ်ဖြစ်တယ်။ ဟွန်းသံက ကျွန်တာ်တို့ ရွာတင်မကဘူး။ တောဆင်တွေ ဝင်လာနေကြောင်း တခြားရွာတွေ သိနိုင်တယ်”ဟု ကွမ်းသီးမြောင်ကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

တောင်သူများ၏ စိုက်ပျိုးထားသည့် သီးပင်၊ စားပင်များကို ဖျက်စီးစားသောက်သည့်အတွက် လူနှင့်ဆင် ပဋိပက္ခ မဖြစ်စေရန် တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနနှင့် Smithsonian Consarvation Biology Institution (SCBI) အဖွဲ့တို့ပူပေါင်း၍ အပတ်စဉ် ကျေးရွာအလိုက် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်နေကြကြောင်း တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-19