News

POST TYPE

REGIONAL

ဟားခါးတွင် ကားချောက်ထဲကျ၍ လူ ၅ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ
23-Dec-2018
ကလေး၊ ဒီဇင်ဘာ ၂၃

ခရစ္စမတ်ပွဲတော်အတွက် လိုအပ်သည့်ပစ္စည်းများကို သွားရောက်ဝယ်ယူသူများလိုက်ပါစီးနင်းလာသည့် မော်တော်ယာဉ်တစ်စီး ဒီဇင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က ချင်းပြည်နယ်၊ ဟားခါး- ဂန်ဂေါလမ်းဘေးရှိ အနက်ပေ ၆၀၀ ခန့်ရှိသည့် ချောက်ထဲသို့ ပြုတ်ကျခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟားခါးမြို့မရဲစခန်းထံမှ သိရသည်။

ယင်းနေ့က ဂန့်ဂေါမြို့ဘက်မှ ဟားခါးမြို့သို့ မောင်းနှင်လာသည့် Truck ကားတစ်စီးသည် ဟားခါးမြို့နယ်အတွင်းရှိ မိုင်တိုင်အမှတ် ၄၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံအကြားတွင် လမ်းညာဘက်ရှိ ချောက်ထဲသို့ တိမ်းမှောက်ခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ယာဉ်မောင်း အပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး စုစုပေါင်း လူ ၅ ဦးသေဆုံးခဲ့ပြီး လူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟားခါးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသိန်းဇော်ဦးက ပြောကြားသည်။

“ကားရှောင်တာလည်း မဟုတ်ဘူး။ လမ်းကလည်း အများကြီး ကျယ်ပါတယ်။ ဒါပေမဲ့ အိပ်ငိုက်ပြီးတော့ ဘေးကိုဆွဲသွားတယ်လို့ ယူဆရပါတယ်”ဟု ၎င်းက ဆိုသည်။

ခရစ္စမတ်ပွဲတော်အတွက် လိုအပ်သည့်ပစ္စည်းများကို ကလေးမြို့သို့ သွားရောက်ဝယ်ယူသူများ လိုက်ပါစီးနင်းလာသည့် ဟားခါးမြို့မှ ကားဖြစ်ပြီး ဈေးဝယ်ပြီးအပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများမှာ ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ဟားခါးမြို့ရှိ မျှော်လင့်ခြင်း သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးကျုံးဟူး၏ အဆိုအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။

R-20