News

POST TYPE

REGIONAL

တပ်သိမ်းမြေတွင် ပြန်လည် နေထိုင်ခွင့်ပေးရန် မူလပိုင်ရှင်များတောင်းဆို
20-Dec-2018

တောင်ငူ၊ ဒီဇင်ဘာ ၁၉

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ငွေတောင်လေးကျေးရွာရှိ ရှမ်းတိုင်းရင်းသားများနေထိုင်သည့် ရွာမြေဧက ၃၀ ကျော်ကို တပ်မတော်အစိုးရလက်ထက်က သိမ်းဆည်းခဲ့သော်လည်း မည်သည့်စီမံကိန်းများမှ မလုပ်သည့်အတွက် လက်ရှိအစိုးရလက်ထက်တွင် ပြန်လည်နေထိုင်ခွင့်ရရှိလိုကြောင်း မူလမြေပိုင်ရှင်များက ဆိုသည်။

၁၉၉၁ ခုနှစ်အတွင်းက နယ်မြေခံ အမှတ် ၁၀၂ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး၏သားသမီးများကို ကျူရှင် ကြိုပို့လုပ်သည့်ယာဉ်သည် ယင်းကျေးရွာအနီး မိုင်းနင်းမိခဲ့သည့်အတွက် ယင်းကျေးရွာရှိ အိမ်ထောင်စု ၃၈ ခုမှ လူနေအိမ်များ ၂ ရက်အတွင်း ပြောင်းရွှေ့ရန် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ညွှန်ကြားခံခဲ့ရကြောင်း ၎င်းတို့ကဆိုသည်။

“ကျွန်တော်တို့ကို အဲ့အချိန်က အကြောင်းပြချက်ကလည်း မည်မည်ရရ မရှိဘူး။ တပ်ရင်းမှူး မိသားစုဝင်ရဲ့ ကားပေါက်ကွဲမှုဖြစ်တယ်ဆိုပြီး ချက်ချင်းရွှေ့ခိုင်းခဲ့လို့ ရွှေ့ပေးလိုက်ရတာပါ။ ဒီမြေတွေကို တပ်ပိုင်မြေဆိုပြီး ကျောက်တိုင်စိုက်ထားတာကလွဲလို့ ဘာမှမလုပ်ဘူး။ မိဘဘိုးဘွားတွေ လက်ထက်ကတည်းက တည်ထားတဲ့ရွာမြေဆိုတော့ အခုချိန်မှာ ပြန်နေခွင့်ရချင်တယ်”ဟု နေအိမ်ရွှေ့ပြောင်းပေးခဲ့ရသည့် မိသားစုဝင်တစ်ဦးဖြစ်သည့် ဦးသန်းဇော်ဦးက ပြောကြားသည်။

ယင်းရွာမြေများ ဖျက်သိမ်းခံခဲ့ရသော်လည်း တပ်မတော်အစိုးရလက်ထက်တွင် မည်သို့မျှ ပြန်လည်တင်ပြခွင့်မရခဲ့ကြောင်း၊ နစ်နာသူမိသားစုဝင်များက ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်မှစတင်ကာ တာဝန်ရှိသူအဆင့်ဆင့်သို့ တင်ပြတိုင်တမ်းခဲ့သော်လည်း ပြန်လည် အကြောင်းကြားဖြေရှင်းပေးမှုမရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။

နောက်ဆုံးအကြိမ်အဖြစ် ယခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုပြန်လည် စိစစ်ရေးကော်မတီတို့ထံ နစ်နာသူများက တင်ပြတိုင်ကြားထားကြောင်း နစ်နာသူများထံမှ သိရသည်။

ငွေတောင်လေးကျေးရွာ သိမ်းဆည်းခံ မြေယာများနှင့်ပတ်သက်ပြီး နစ်နာသူများက မြို့နယ်အုပ်ချုပ်ရေးဌာနကို တိုင်ကြားစာ မိတ္တူမပေးထားသော်လည်း ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အုပ်ချုပ်ရေးဌာန ကွင်းဆင်းစစ်ဆေးချက်များအရ ၁၉၉၄ မြေယာဥပဒေများပါ အချက်များအတိုင်း အမှုတွဲတည်ဆောက်ကာ ပြည်နယ်အဆင့် ဆက်လက်တင်ပြပေးထားကြောင်း ဒီမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က ပြောကြားသည်။

ယင်းမြေများကို သိမ်းဆည်းထားသည့် အမှတ် ၁၀၂ ခြေလျင်တပ်ရင်းက ခြံစည်းရိုးများခတ်နေသည့် ပြဿနာနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက နစ်နာသူမိသားစုဝင်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

R-15