News

POST TYPE

REGIONAL

မကွေးတွင် မွေးမြူနည်းကောင်းစနစ်ဖြင့် ပြည်ပဈေးကွက်သို့ တိရစ္ဆာန်တင်ပို့နိုင်ရန် ပြင်ဆင်
18-Dec-2018
မကွေး၊ ဒီဇင်ဘာ ၁၇

တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းကျင့်စဉ် (GAHP) စနစ်ဖြင့် ပြည်ပဈေးကွက် တင်ပို့နိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြောင်း မကွေးတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

GAHP စနစ်တွင် ကြက်အမျိုးမျိုး မွေးမြူခြင်း၊ ဝက်နှင့် ပျားမွေးမြူရေးလုပ်ငန်း များလုပ်ကိုင်ရာတွင် မည်သည့်နေ့ရက်တွင် ကာကွယ်ဆေးထိုးခြင်း၊ အားဆေးသုံးခြင်း၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းရှင်များသည် သားသတ်ရုံနှင့် ၃ မိုင်ခန့်အကွာတွင် ခြံတည်ဆောက်ခြင်း၊ ခြံနှင့်ပတ်သက်သော လုပ်ငန်းဖြစ်သည့် အညစ်အကြေးစွန့်ပစ်မှု၊ ခြံလှပ်ထားရမည့် ဆောင်ရွက်ချက်များ၊ ခြံဝန်ထမ်းများ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဒမဒဟိုမုန်းဆေး စသည်တို့နှင့် ပဋိဇီဝဆေးသုံးစွဲထားပါက သတ်မှတ်ရက်ပြည့်မှသာ တိရစ္ဆာန်များကို ဈေးကွက်သို့ ဖြန့်ဖြူးရန်တို့ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ပြည်ပဈေးကွက် ဝင်ရောက်နိုင်ရန်နှင့် ပြည်တွင်းစားသုံးသူများ၏ ကျန်းမာရေးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယင်းတိုင်းအတွင်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများကို GAHP ဆင့်ပွားသင်တန်းများပို့ချပြီးနောက် ၎င်းတို့မှတစ်ဆင့် မွေးမြူရေး လုပ်ကိုင်နေသော အများပြည်သူများကို ပြန်လည်ပို့ချရန်လုပ်ဆောင်နေကြောင်း မကွေးတိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦးက ပြောကြားသည်။

“အခုဆိုရင် နွားတွေ၊ ဆိတ်တွေ ပြည်ပကိုပို့တဲ့အခါ တစ်ဖက်ပဲ တရားဝင်ဖြစ်တာ။ သူတို့ဘက်ကျတော့ မဟုတ်တော့ ဘူး။ နှစ်နိုင်ငံ ပူးပေါင်းသွားတာမဟုတ်ဘူး။ နှစ်ဖက်ဖြစ်အောင်လို့ ကြိုးစားနေတာ။ GAHP နဲ့မဟုတ်ရင် မယူတော့ဘူး။ မယူတော့ရင် သူ့ဆီက ပစ္စည်းတွေကိုယ့် ဆီပြန်ဝင်လာမှာ၊ သူတို့က ကိုယ့်ဈေးကွက် ဖြစ်ရမှာ”ဟု ၎င်းက ပြောဆိုသည်။

GAHP လက်မှတ်ဖြင့် ပြည်ပပို့ ကုန်အဖြစ် တင်ပို့သည့် တိရစ္ဆာန်များတွင် အသက်အရွယ်၊ အလေးချိန်၊ အသုံးပြုထား သည့် ကာကွယ်ဆေးအမျိုးအစား၊ ရောဂါ ကင်းရှင်းကြောင်းနှင့် အသုံးပြုထားသည့် ပဋိဇီဝဆေး အမျိုးအစားစသည့် သတ်မှတ် ချက်များပါရှိကြောင်း ယင်းဌာနထံမှ သိရသည်။

R-23