News

POST TYPE

REGIONAL

သရေခေတ္တရာမြို့ဟောင်းရှိ ခင်ဘကုန်းကို စတင်ထိန်းသိမ်း
15-Dec-2018
ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း) ပြည်မြို့ သရေခေတ္တရာပျူမြို့ဟောင်းရှိ ခင်ဘကုန်းမှ တူးဖော်ထားသော အုတ်ရိုးများကို ထိန်းသိမ်းရေးလုပ်ငန်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သရေခေတ္တရာဇုန်တာဝန်ခံ ဦးကျော်မျိုးဝင်းက ပြောကြားသည်။

ခင်ဘကုန်းမှ အုတ်ရိုးများကို တူးဖော်ခြင်းနှင့် သုတေသနပြုဆောင်ရွက်ခြင်းကို ပြည်တွင်းရှိ တူးဖော်ရေးပညာရှင်အဖွဲ့များနှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ယခုဘဏ္ဍာနှစ် ခွင့်ပြုငွေဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

“တူးဖော်တာနဲ့ သုတေသနပြုတာက မနှစ်ကလုပ်ခဲ့တာဖြစ်လို့ ဒီနှစ် ပြုပြင်ထိန်းသိမ်းခြင်းတွေပါမယ်။ ဘတ်ဂျက် အကန့်အသတ်နဲ့မို့ အပိုင်းလိုက်ဆောင်ရွက်နေတယ်”ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။

သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ခင်ဘကုန်းမှ အုတ်ရိုးများသည် ရှေးဟောင်း အိန္ဒိယတောင်ပိုင်းရှိ အဆောက်အအုံ တည်ဆောက်မှုပုံစံများနှင့်တူညီကြောင်း၊ အုတ်ရိုးများ ထိန်းသိမ်းခြင်းကို ဒီဇင်ဘာလ ဒုတိယအပတ်မှစ၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး အုတ်ရိုးများအကြား ရေပိတ်လွှာများ တည်ဆောက်ခြင်းဖြင့် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်သည်။

သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့၏တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး အေဒီ ၄ ရာစုမှ အေဒီ ၉ ရာစုအတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ဟောင်းတစ်မြို့ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတုတော်များ၊ ပျူကချေသည်အရုပ်များနှင့် ရွှေပေလွှာများကိုတွေ့ရှိခဲ့ရပြီး မြို့ရိုးသည် ၅ ဒသမ ၈ မိုင် ၈ ဖာလုံရှိပြီး ဧရိယာအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်းသည်။

သရေခေတ္တရာ ပျူမြို့ဟောင်း အပါအဝင် ဟန်လင်းနှင့် ဗိဿနိုးတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၂ ရက်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ပြုလုပ်သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်အစည်းအဝေးတွင် သတ်မှတ်ခဲ့သည်။

J-14