News

POST TYPE

REGIONAL

ပုဏ္ဏားကျွန်းတွင် တိုက်ပွဲဖြစ်၊ ဒေသခံများတိမ်းရှောင်
09-Dec-2018
စစ်တွေ၊ ဒီဇင်ဘာ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ဝချောင်းကျေးရွာ အနီးတွင် တပ်မတော်နှင့် (AA) တို့ တိုက်ပွဲဖြစ်ပွားနေ၍ စစ်ဘေးချောင်ဒုက္ခသည် ၄၀ ကျော်သည် သင်းပုန်းတန်းကျေးရွာ၌ ခိုလှုံနေရကြောင်း သင်းပုန်းတန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းထံမှ သိရသည်။

ဖက်ဝက်ချောင်းကျေးရွာအနီးတွင် တိုက်ပွဲမျာဖြစ်ပေါ်နေသဖြင့် လက်နက်ကြီးသံများ အဆက်မပြတ် ထွက်ပေါ်လာ၍ ဒေသခံများမှာ ကြောက်လန့်ကာ မြိုတိုင်းရင်းသား အိမ်ထောင်စု ၁၀ စု လူဦးရေ ၄၁ ဦးသည် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းအချိန်တွင် သင်းပုန်းကျေးရွာ၌ ခိုလှုံရန်ရောက်ရှိလာကြခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်နေရာချထားပြီး ကျေးရွာသူ၊ ကျေးရွားသားများက အစားသောက်များ ကူညီထောက်ပံ့ပေးထားကြောင်း ဦးသိန်းဝင်းက ဆိုသည်။

“သူတို့ဟာ ကျောက်တော်နယ်ကနေ ပတ်ပြီးတော့ ဒီကိုရောက်လာကြတာ။ ကျနော်တို့ နေရာက တအားချမ်းတယ်။ ထွက်ပြေးလာကြတဲ့သူတွေထဲမှာ ကလေးတွေလည်းပါတယ်။ အနွေးထည်တွေ စောင်တွေ လိုအပ်ပါတယ်။ ပြီးတော့ စားရေးသောက်ရေးလည်း အခက်ခဲရှိနေတယ်”ဟု အုပ်ချုပ်ရေးမှူးကဆိုသည်။

စစ်ဘေးရှောင် ဒုက္ခသည်များထဲတွင် အမျိုးသား ၁၉ ဦး အမျိုးသမီး ၂၃ ဦးနှင့် ၅ နှစ်အရွယ် ကလေးငယ်များလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။

ဖက်ဝချောင်းကျေးရွာအနီးရှိ သပြုချောင်းကျေးရွာနှင့် ကျောက်ဖရုံကျေးရွာအတွင်း နေထိုင်နေကြသူများမှာလည်း လတ်တလောတွင် လက်နက်ကြီးသံများကြား၍ ကြောက်လန့်နေကြသော်လည်း ထွက်ပြေးတိမ်းရှောင်မှု မရှိသေးကြောင်း အုပ်ချုပ်ရေးမှူးက ဆိုသည်။

သင်းပုန်းတန်းကျေးရွာသည် ပုဏ္ဏားကျွန်းမြို့နယ်မှ ရသေ့တောင်မြို့နယ်သို့ သွားသည့်လမ်းတွင်ရှိသည့် ပေါက်တောပြင်ကျေးရွာမှ ရေကြောင်းခရီးဖြင့်သွားရသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကြားတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး ဘူးသီးတောင်မြို့နယ်တွင်လည်း ဒီဇင်ဘာ ၆ ရက်နေ့က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွား၍ လူနှစ်ဦး သေဆုံးသွားသည်။

R-22