News

POST TYPE

REGIONAL

မကွေးတိုင်းတွင် HIV/AIDS ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျ
06-Dec-2018
မကွေး၊ ဒီဇင်ဘာ ၅

မကွေးတိုင်းတွင် ၈ နှစ်တာကာလအတွင်း HIV ပိုးရှိသည့်လူနာများအတွက် ART (ခုခံအားကျဆင်းမှု ရောဂါပိုးထိန်းဆေး)ဆေးကို ၅ ဆကျော်အထိ တိုးမြှင့်ပေးသဖြင့် ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျလာကြောင်း ယင်းတိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ် ၂၅ မြို့ တို့၌ HIV ပိုးဖြစ်ပွားမှုနှုန်းမှာ ယခင်နှစ်ထက် အမျိုးသားများ ဖြစ်ပွားမှုနှုန်း ၁၃ ရာခိုင်နှုန်းနှင့် အမျိုးသမီးများ ဖြစ်ပွားမှုနှုန်း ၅ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းလာကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးဌာနမှူး ဒေါက်တာ မို့မို့စိမ်းကဆိုသည်။

“ကိန်းဂဏန်းအရဆိုရင်တော့ အားတက်ရတာပေါ့။ ၅ ဆကျော်လောက်ထိ ဆေးဝါးကုသပေးနိုင်နေပြီ”ဟု ဒေါက်တာ မို့မို့စိမ်းက ပြောသည်။

၂၀၁၁ ခုနှစ်က HIV ပိုးရှိသည့် လူနာ ၁၀၀၀ ကျော်အတွက်သာ ART ဆေးပေးနိုင်ခဲ့ပြီး ၂၀၁၈ အောက်တိုဘာ လအရောက်တွင် ၅၇၈၀ အထိပေးနိုင်လာကြောင်း ၎င်းကဆိုသည်။

မကွေးတိုင်းကျန်းမာရေးဦးစီးဌာန၏ တွက်ချက်မှုများအရ တိုင်းဒေသကြီးအတွင်း၌ ၁၅ နှစ်အထက် HIV ပိုးရှိသူ ၁၁,ဝ၀၀ ကျော်ရှိသည်ဟု ခန့်မှန်းထားပြီး ထိုသို့ခန့်မှန်းတွက်ချက်မှုများအရ ၅၅ ရာခိုင်နှုန်းကိုသာ ဆေးဝါးကုသမှုပေးနိုင်ပြီး ကျန်ရှိသည့် ၄၅ ရာခိုင်နှုန်းကိုရှာဖွေကာ ဆေးကုသပေးရန်လည်း လိုအပ်နေသေးကြောင်း ၎င်းက ပြောဆိုသည်။

မကွေးတိုင်းအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်၌ အမျိုးသားချင်းလိင်ဆက်ဆံသူများကြားမှ HIV ပိုး ဖြစ်ပွားမှုနှုန်းသည် ၂၀၁၇ ခုနှစ်က ၂၀ ရာနှုန်းမှ ယခုနှစ်၌ ၇ ရာခိုင်နှုန်းသို့လည်းကောင်း၊ အမျိုးသမီး ပြည့်တန်ဆာလုပ်ကိုင်နေသူများကြား HIV ပိုး ဖြစ်ပွားမှုနှုန်းသည် ၂၀၁၇ ခုနှစ်က ၁၀ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ၅ ရာခိုင်နှုန်းသို့လည်းကောင်း မိခင်မှ သန္ဓေသားသို့ကူးစက်မှုသည် ၂၀၁၁ ခုနှစ်က ဒသမ ၃၄ ရာခိုင်နှုန်းမှ ယခုနှစ်တွင် ဒသမ ၁ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး လျော့ကျကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

HIV ပိုးကူးစက်ခံရသူ ၉၀ ရာခိုင်နှုန်းကျော်ကို ART ဆေးပေးနိုင်မှသာလျှင် မြန်မာနိုင်ငံသည် ၂၀၃၀ ခုနှစ် တွင် HIV ကင်းစင်သော လူမှုပတ်ဝန်းကျင်ဖြစ်နိုင်ကြောင်း ယင်းတိုင်းလူထု ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်း ကျန်းမာရေးမှူး ဒေါက်တာ မို့မို့စိမ်းက သုံးသပ်ပြောဆိုသည်။ 

R23/R24