News

POST TYPE

REGIONAL

ရှိတ်ဟာဆီနာ၏ အမြီးဟု အဓိပ္ပာယ်ရသော ရုပ်ရှင်အမည် စာလုံးပေါင်း မှားယွင်းမှုကို တရားစွဲမည်
20-Nov-2018
ဒက္ကာ၊ နိုဝင်ဘာ ၁၉

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ၏ ထောက်ခံသူတစ်ဦးက ဟာဆီနာတွင် အမြီးရှိသည်ဟု အဓိပ္ပာယ် ထွက်စေသော ရုပ်ရှင်အမည် စာလုံးပေါင်း မှားယွင်းမှုကို တရားစွဲမည်ဟု ခြိမ်းခြောက် လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အဆိုပါရုပ်ရှင်ဇာတ်ကား၏အမည်ဖြစ်သော ဟာဆီနာသမီးလေးရဲ့ ဇာတ်လမ်း Hasina A Daughter's Tale တွင် Tale အစား Tail ဟု စာလုံးပေါင်း မှားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ပြင်ဆင်လိုက်ပြီဟု သိရှိရသည်။

တိရစ္ဆာန်အမြီးဟု အဓိပ္ပာယ်ထွက်သော Tail သည် အသရေဖျက်ခြင်းဖြစ်သည်ဟု ဟာဆီနာ၏ထောက်ခံသူ ဆာ့ဒ်ချောင်ဒူရီက ပြောကြားသည်။ ရုပ်ရှင်ကုမ္ပဏီအနေနှင့် သတ်ပုံအမှားကို ပြင်ဆင်ရန်နှင့် လူသိရှင်ကြား တရားဝင် တောင်းပန်ရန် ချောင်ဒူရီက တောင်းဆိုထားပြီး သို့မဟုတ်ပါက ဒေါ်လာသန်း ၉၀ နစ်နာကြေးရလိုမှုဖြင့် တရားစွဲခြင်းကို ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ထားသည်။

ဘင်္ဂလားဒေ့ရှ်တွင် လာမည့်လအတွင်း ရွေးကောက်ပွဲများ ကျင်းပတော့မည်ဖြစ်ရာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် သူမ၏ အဝါမီလိခ်ပါတီက အာဏာပြန်ရရန် မျှော်လင့်လျက်ရှိသည်။

ဗြိတိသျှ ဥပဒေကျောင်းသားများသမဂ္ဂ၏ အတွင်းရေးမှူးဟောင်း ချောင်ဒူရီသည် ပါတီကို တရားဝင်ကိုယ်စားပြု၍ လုပ်ဆောင်ခြင်းမဟုတ်ဟုလည်း သိရှိရသည်။ ၎င်း၏ရည်ရွယ်ချက်မှာ စာလုံးပေါင်းကို အမြန်ဆုံး ပြင်ဆင်ပေးစေရန် ဖြစ်သည်ဟု ၎င်း၏ရှေ့နေ နော်ရော့စ် ချောင်ဒူရီက ပြောကြားသည်။

ဂျမူးနားဖြူးချားပတ်ခ် ဈေးဝယ်ကုန်တိုက်ရှိ ရုပ်ရှင်ရုံသို့ပေးပို့ခဲ့သော နို့တစ်စာတွင် ချောင်ဒူရီက သူ့ကိုယ်သူ ဟာဆီနာ၏ အမာခံ ထောက်ခံသူတစ်ဦးအဖြစ် ရည်ညွှန်းထားသည်။ ရုပ်ရှင်ကုမ္ပဏီကမူ ဒဏ္ဍာရီကို ရည်ညွှန်းခြင်းသာဖြစ်ပါသည်ဟု အကြိမ်ကြိမ် ငြင်းချက်ထုတ်ခဲ့သည်။

ထိုကိစ္စသည် လူမှုမီဒီယာများတွင် လူပြောများသော အကြောင်းအရာတစ်ခု ဖြစ်နေသည်။ “Tale ကနေTail ဖြစ်သွားတာကို ဘယ်လိုလုပ်ရမလဲကွယ်။ ရယ်ရမလား၊ ငိုရမလား”ဟု မိုဘူးဟူစိန်ဆိုသူက မှတ်ချက်ပေးထားသည်။

ထိုဇာတ်ကားသည် ဘင်္ဂလားဒေ့ရှ် ပထမဆုံးသမ္မတ ရှိတ်မူဂျဘားရာမန်၏ သမီးဖြစ်သူ ဟာဆီနာ၏ အတ္ထုပ္ပတ္တိကို ဖြစ်ရပ်မှန်ဇာတ်လမ်းအဖြစ် ရိုက်ကူးထားခြင်းဖြစ်ပြီး မစ္စဟာဆီနာ၏ညီမဖြစ်သူ ရှိတ်ရီဟာနာက ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားသည်ဟု ဒက္ကားထရီဗြွန်း သတင်းစာက ရေးသားထားသည်။

F-04