News

POST TYPE

REGIONAL

မြန်မာရေပိုင်နက်သို့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများဝင်၍ ဒေသခံများ ငါးဖမ်းရန်ခက်
15-Nov-2018
စစ်တွေ၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံ ရေပိုင်နက်အတွင်းသို့ ဘင်္ဂလားဒေ့ရု်နိုင်ငံက ငါးဖမ်းစက်လှေများ ဝင်ရောက်ကာ ငါးဖမ်းနေကြ၍ မောင်တောမြို့နယ်မှ ဒေသခံတိုင်းရင်းသားများ ငါးဖမ်းမသွားရဲကြကြောင်း အောင်ဗလကျေးရွာသားများထံမှ သိရသည်။

သို့ရာတွင်အဆိုပါ ငါးဖမ်းစက်လှေတို့သည် မြန်မာနိုင်ငံရေပိုင်နက်အတွင်း၌ ခိုးဝင်ငါးဖမ်းဆီးလာခြင်းမဟုတ်ဘဲ ငါးရှာနေစဉ် ရေမျောကာ ဝင်ရောက်လာခြင်းသာဖြစ်နိုင်ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင်က ပြောကြားသည်။

“ငါးဖမ်းတဲ့လှေတွေက တစ်ခါတစ်ခါ ဖမ်းရင်းနဲ့ ကျော်တက်လာတာရှိတယ်။ ရေထဲမှာ စည်းမှတားမထားတာကိုး၊ ဒီမှာ ရေတပ်ရှိတယ် မကျော်ရဲဘူး။ ဟိုတစ်နေ့က ကျေးရွာသားတွေ ငါးမဖမ်းရဲလို့ ရေတပ်သွားပြောတော့ ရေတပ်က သူတို့ကို သူ့ဧရိယာထဲကို ပြန်ထုတ်လိုက်တယ်”ဟု ဦးမြင့်ခိုင်က ဆက်၍ဆိုသည်။

အဆိုပါငါးဖမ်းစက်လှေများမှာ မောင်တောမြို့နယ်ရှိ နတ်မြစ်အတွင်းသို့လာရောက်ကာ ငါးဖမ်းဆီးနေကြခြင်းဖြစ်ပြီး အောင်ဗလကျေးရွာနှင့် ၁ မိုင်ခန့်သာကွာဝေးကြောင်း ကျေးရွာသားများကဆိုသည်။

“ကျွန်တော်တို့ရွာသားတွေက နတ်မြစ်ထဲမှာ ငါးရှာကြတာကို အဲဒီဘုတ်တွေ ဒီဘက်ကမ်းနားကို လာကြတော့ မသွားရဲကြဘူး။ သူတို့မှ သေနတ်တွေပါလား ဘာတွေပါမှန်းမသိ၊ ကျွန်တော်တို့ ငါးသွားဖမ်းလို့ သူတို့နဲ့တွေ့လို့ ဖမ်းသွားရင်ကော စိုးရိမ်ကြတာပေါ့”ဟု အောင်ဗလကျေးရွာမှ ရေလုပ်သား ဦးထွန်းလှစိန်က ပြောကြားသည်။

တစ်ဖက်နိုင်ငံက ငါးဖမ်းစက်လှေ ၅ စီး၊ ၆ စီးတို့ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ လက်ရှိအချိန်ထိ တွေ့ရှိနေကြောင်း ၎င်းက ဆက်၍ပြောဆိုသည်။

အောင်ဗလကျေးရွာ အနီးပတ်ဝန်းကျင်တွင် ရခိုင်တိုင်းရင်းသားကျေးရွာများမရှိဘဲ ဘင်္ဂါလီကျေးရွာ ၁၀ ကျော်သာရှိသည်။

R-22