News

POST TYPE

REGIONAL

စရဖတပ်ကြပ် အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသော ရခိုင်လူငယ်သုံးဦးကို အာမခံဖြင့်ပြန်လွတ်
05-Nov-2018
စစ်တွေ၊ နိုဝင်ဘာ ၅

စစ်တွေမြို့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)မှ တပ်ကြပ်ဝင်းထိုက် (ခ) ဖိုးလုံး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသေ့ ရခိုင်လူငယ် သုံးဦးအား နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းအချိန်က စစ်တွေမြို့မရဲစခန်းက အာမခံဖြင့် လွှတ်ပေးလိုက်သည်။

အောက်တိုက်ဘာလ ၉ ရက်နေ့မှစတင်၍ ဖမ်းဆီးခံခဲ့သော ရခိုင်လူငယ်သုံးဦးကို နိုဝင်ဘာလ ၅ ရက်နေ့တွင် ချုပ်ရမန် ပြည့်ပြီးဖြစ်သော်လည်း တရားစွဲဆိုရန် ပေါ်ပေါက်ခြင်းမရှိသဖြင့် ရဲတပ်ဖွဲ့က ရဲအာမခံနှင့် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါသုံးဦးထံမှ သိရသည်။

“ရဲက တရားခံတစ်ယောက်ကို ဖမ်းမယ်ဆိုရင် မူခင်းဖြစ်တဲ့နေ့က သူတို့ ဘယ်နေရာတွေမှာရှိလဲ ဘာလုပ်နေကြလဲဆိုတာတွေကို အသေအရှာ လေ့လာပြီးမှ ဖမ်းဆီးသင့်တယ်။ အခုကျနော်တို့ကို သံသယနဲ့ဖမ်းတယ်။ ကျနော်တို့ရဲ့အချိန်တွေ ဂုဏ်သိက္ခာတွေ ဆုံးရှုံးရတယ်”ဟု ကိုမေယုထွန်းက ပြောသည်။

လွတ်မြောက်လာကြသော အောင်ဇော်လင်း (ခ) အောင်ချေ၊ခိုင်ဘိုဘို၊ မေယုထွန်းတို့ သုံးဦးမှာ အဝေးသင် တက်ရောက်နေကြသော ကျောင်းသားများဖြစ်ကြပြီး အောင်ဇော်လင်းနှင့် ခိုင်ဘိုဘိုတို့နှစ်ဦးမှာ အဝေးသင်တက္ကသိုလ် သိပ္ပံတွဲ ကျောင်းသားများဖြစ်၍ စာမေးပွဲဖြေဆိုကြပြီဖြစ်ကြောင်းနှင့် ကိုမေးယုထွန်းမှာ မြန်မာစာဘာသာ ကျောင်းသားဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

တပ်ကြပ်ဝင်းထိုက် (ခ) ဖိုးလုံးသည် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်၌ ဇနီးနှင့်အတူ စစ်တွေမြို့ ဈေးပွဲတော်တွင် လျှောက်လည်နေကြစဉ် ၎င်းအား ၉ မမ သေနတ်ကျည်ဆန်ဖြင့် ပစ်ခတ်လိုက်သဖြင့် ဦးခေါင်းနောက်စေ့ အပျော့ပိုင်းမှ ဝင်ရောက်ကာ ရှေ့ဖက် နှာခေါင်းအနီး ဖောက်ထွက်သွားပြီး သေဆုံးခဲ့သည်။

R-22