News

POST TYPE

REGIONAL

မြစ်သာမြစ်ရေ တိုက်စားပြီး ကမ်းပါးပြို၍ နေအိမ် ၃ လုံးဖျက်ရွှေ့
16-Oct-2018


ကလေး၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကုက္ကိုလ်ကျေးရွာတွင် မြစ်သာမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျသဖြင့် လူနေအိမ်သုံးလုံးဖျက်ပြီး ပြောင်းရွှေ့နေရကြောင်း ကုက္ကိုလ်ကျေးရွာ တာဝန်ခံဦးစောမြင့်ရှိန်က ပြောကြားသည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှ စ၍ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေကျဆင်းပြီး ကမ်းပါးများပြိုကျခဲ့ရာ အဆိုပါကျေးရွာတောင်ဘက်ခြမ်း မြစ်ကမ်းဘေးရှိ နေအိမ်သုံးလုံးကို အောက်တိုဘာလ ၁၄ ရက်နေ့မှစ၍ ဖျက်ပြီး ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

ကုက္ကိုလ်ကျေးရွာအနီးမြစ်ရေ တိုက်စားမှုကြောင့် ၁၅ ပေမှ ပေ၂၀ ခန့် အထိ ကမ်းပါးပြိုကျနေသဖြင့် ယင်းနေအိမ်အပြင် ရွာဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်ငါးလုံးမှာ မြစ်ရေထပ်မံတိုက်စားပြီး ဖျက်ရွှေ့ရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း ဦးစောမြင့်ရှိန်က ရှင်းပြပြောဆိုသည်။ 

“ကမ်းပါးရေတိုက်စားပြီး နေအိမ်ရွှေ့ရမှုမရှိရလေအောင် အစိုးရအနေနဲ့ ရေကာတာပြုလုပ်ပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။

ဖျက်ရွှေ့ရသည့် နေအိမ်သုံးလုံးတွင် လူဦးရေစုစုပေါင်း ၂၀ ဦးခန့်နေထိုင်ပြီး ၎င်းတို့၏ နေအိမ်များကို ဖျက်ရွှေ့ရခြင်းကြောင့် ယာယီတဲများထိုးကာ နေထိုင်ရပြီး နေအိမ်အသစ်တည်ဆောက်ရန်အတွက်လည်း ရွာတွင် မြေနေရာမရှိသည့်အတွက် အခက်အခဲရှိကြောင်း၊ ကုက္ကိုလ်ကျေးရွာသည် နှစ်စဉ်ရေတိုက်စား၍ ကမ်းပြိုသည့် ဒဏ်ခံနေရကာ ၂၀၁၇ ခုနှစ် မိုးရာသီကာလကလည်း လူနေအိမ်နှစ်လုံးဖျက်ပြီး ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

R-20