News

POST TYPE

REGIONAL

မော်လမြိုင် ယာဉ်ထိန်းကို သေနတ်နှင့်ပစ်ကာ ထွက်ပြေးသူ၏ကားထဲမှ မူးယစ်ဆေးဝါးများတွေ့
16-Oct-2018
မော်လမြိုင်၊ အောက်တိုဘာ ၁၅

မော်လမြိုင်မြို့တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ယာဉ်ထိန်းရဲနှင့် အရပ်သားတစ်ဦးတို့ကို ပစ်ခတ်ခဲ့သူ နိုင်ပိုက်ထွေး၏ ကားအတွင်းမှ မူးယစ်ဆေးဝါးများတွေ့ရှိခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ ဒုရဲအုပ် တင်ဇော်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ကွင်းဆက်လိုက်တော့ ကားထဲမှာမူးယစ်ဆေးပါတယ်လို့သိရတယ်။ ဒါနဲ့ ဒီနေ့ (အောက်တိုဘာ ၁၅) မှာ အုပ်ချုပ်ရေးမှူးတွေနဲ့ရှာတော့ ကားခေါင်းခန်းထဲမှာ WY နဲ့ R တံဆိပ်ပါ မူးယစ်ဆေးပြားအလုံး နှစ်ထောင်တွေ့ရတယ်”ဟု ၎င်းကရှင်းပြသည်။

ထိုသို့ မူးယစ်ဆေးဝါးများ ထပ်မံတွေ့ရှိခဲ့သည့်အတွက် နိုင်ပိုက်ထွေးကို (ပ) ၁၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဥပဒေပုဒ်မ ၁၉ (ဂ) /၂၁ တို့ဖြင့် အမှုထပ်ဖွင့်ထားကြောင်း မြိုင် သာယာနယ်မြေရဲစခန်းထံမှ သိရသည်။

“ကားကတော့ လိုင်စင်အမှန်လား လိုင်စင်မဲ့လားဆိုတာ စစ်ဆေးနေတုန်းပဲ၊ ကားရဲ့အင်ဂျင်နံပါတ်၊ ဘော်ဒီနံပါတ်တွေကို ကညနကိုပို့ထားတယ်၊ စစ်ဆေးဆဲပဲ၊ ကညနကနေပြန်ကြားစာရမှပဲ အတိအကျသိနိုင်မယ်”ဟု ဒုရဲအုပ်တင်ဇော်ဦးက ထပ်မံပြောဆိုသည်။

နိုင်ပိုက်ထွေးသည် ယာဉ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတို့ကို သေနတ်နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ (ဝတ္တရားနှောင့်ယှက်မှု)၊ ၃၀၇(လူ့အသက်သေစေရန် အားထုတ်မှု)၊ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့်လည်း အမှုဖွင့်ထားရသည်။

အဆိုပါ ပြစ်မှုများကိုကျူးလွန်ခဲ့သူ နိုင်ပိုက်ထွေးမှာ လက်ရှိအချိန်အထိထွက် ပြေးလွတ်မြောက်နေဆဲဖြစ်၍ မွန်ပြည်နယ် ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ပူးပေါင်း၍ ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသည်။ 

နိုင်ပိုက်ထွေးသည် မွန်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့ဝင်ကတ်ပြား ကိုင်ဆောင်ထားသူဖြစ်သော်လည်း အဆိုပါတပ်ဖွဲ့မှ တာဝန်ရှိသူများကမူ နိုင်ပိုက်ထွေးသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်တစ်ဦး မဟုတ်ကြောင်း ငြင်းဆိုထားသည်။

R-21