News

POST TYPE

REGIONAL

ထန်တလန်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့် အစီအစဉ် ရပ်ဆိုင်း
12-Oct-2018
ကလေး၊ အောက်တိုဘာ ၁၁

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့် အစီအစဉ်ကို ဒေသခံများ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့သဖြင့် ဆန္ဒထုတ်ဖော်မည်မဟုတ်တော့ကြောင်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ခဲ့သည့် ထန်တလန်မြို့နေ ချင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် ဥက္ကဋ္ဌ ဦးဟင်နရီရှန်ဘိမ့်ကျုံးက ပြောကြားသည်။ 

ထန်တလန်မြို့အဝင်တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံပြုလုပ်ရန် ထန်တလန်မြို့နယ် စည်ပင်သာယာရေးကော်မတီက စီစဉ်ခဲ့မှုအပေါ် မြို့ခံအင်အား ၄၀၀ ကျော်ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့၌ ကန့်ကွက်ဆန္ဒပြရန် စာတင်ခဲ့ပြီးနောက် ထန်တလန်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆွေးနွေးခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ ပြုလုပ်မည့်ကိစ္စကို ရပ်ဆိုင်းခဲ့သဖြင့် ဆန္ဒထုတ်ဖော်မှုကိုလည်း ပြုလုပ်တော့မည် မဟုတ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံတယ်။ လက်ခံတယ်။ ဒါပေမဲ့ သူတို့ လုပ်ပုံလုပ်နည်းက နည်းနည်း လွဲချော်နေလို့ ဆန္ဒထုတ်ဖော်ဖို့ အခြေအနေဖြစ်သွားတာ”ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ပန်းခြံနှင့် ဗိုလ်ချုပ်ရုပ်တု ထားရှိမည့်အပေါ် ကန့်ကွက်ခြင်းသည် ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှု အနည်းဆုံး ပြည်နယ်ဖြစ်ပြီး စည်ပင်၏ဘတ်ဂျက်ဖြင့် မြို့ပေါ်တွင် လိုအပ်နေသည့် ရေပေးဝေရေး၊ ရေနုတ်မြောင်း၊ လမ်းစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ မဆောင်ရွက်ဘဲ စည်ပင်ဘတ်ဂျက် သိန်း ၃၀၀ ဖြင့် ဗိုလ်ချုပ်ကြေးရုပ်တုလုပ်သည်ကို ကန့်ကွက်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရန်စီစဉ်ခဲ့သူများထံမှ သိရသည်။ 

ဒေသတွင် ဖွံ့ဖြိုးမှုလုပ်ငန်းအများအပြား လိုအပ်နေသော်လည်း စည်ပင်ဘတ်ဂျက်ဖြင့် ဗိုလ်ချုပ်ကြေးရုပ်တုလုပ်မည်ဆိုပါက ပြည်သူလူထု၏ ဆန္ဒသဘော ထားကောက်ခံပြီးမှ ပြုလုပ်သင့်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုမှ ၎င်းတို့၏ကိုယ်ပိုင်ငွေဖြင့် လုပ်လိုပါက ကန့်ကွက်စရာမရှိသော်လည်း ယခုကန့်ကွက်ရခြင်းသည် ပြည်သူများ၏ အခွန်ငွေဖြင့် ပြည်သူ့ဆန္ဒသဘောထား မကောက်ခံဘဲ ဆောင်ရွက်မည်ဖြစ်သည့်အတွက် ကန့်ကွက်ရန် စီစဉ်ခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

“စည်ပင်သာယာရေး ကော်မတီအဖွဲ့က ဆိုင်းငံ့ထားတယ်လို့ပဲ ပြောပါတယ်။ ယာယီလား ဆက်မလုပ်ဘူးလားဆိုတာတော့ ဘာမှမသိသေးပါဘူး”ဟု ထန်တလန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်က ပြောဆိုသည်။ 

R-20