News

POST TYPE

REGIONAL

စစ်တွေထောင် ဆူပူမှု ကျူးလွန်သူများကို အရေးယူနိုင်ရန် စတင် စစ်ဆေး
08-Oct-2018

စစ်တွေ၊ အောက်တိုဘာ ၇

စစ်တွေအကျဉ်းထောင်၌ ယမန်နေ့က ဆူပူမှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်ပြီး အပြစ်ကျူးလွန်သူများကို အရေးယူနိုင်ရန် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့လာရောက်ကာ အောက်တိုဘာ ၇ ရက်နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ် ဒုတိယရဲမှူးကြီး မောင်မောင်စိုးက ပြောကြားသည်။

“စုံခုံစစ်ရင်စစ်မှာပေါ့၊ ကိုယ့်ဝန်ထမ်းတွေကလည်း ဒဏ်ရာတော့ သိပ်တော့ကြီးကြီးမားမား မဟုတ်ပါဘူး။ ကိုယ်ထိလက်ရောက်ဆိုတော့ ဒါကိုတော့ ဖော်ထုတ်ရမှာပေါ့။ အကျဉ်းသားကိုတော့ ဝန်ထမ်းက ရိုက်တာ တစ်ခုမှမရှိဘူး။ သူတို့ပဲရိုက်သွားတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ လွဲသွားတာဖြစ်တယ်”ဟု အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။

လက်ရှိအချိန်၌ စစ်ဆေးနေသည့် ကာလဖြစ်၍ အကျဉ်းထောင်ဥပဒေအရ လည်းကောင်း ရာဇာဝတ်ကြောင်းရလည်းကောင်းမည်သို့ အရေးယူဆောင်ရွက်မည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ အကျဉ်းထောင်၌ အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းချိန်တွင် အကျဉ်းသားတစ်ဦးကို မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးဖို့ခေါ်ယူချိန် အကျဉ်းသားက ငြင်းဆန်ပြီး ထောင်ဝန်ထမ်းနှစ်ဦးအား ရိုက်နှက်ခဲ့ခြင်းကြောင့် အရာရှိတစ်ဦးမှာ ညာဖက်မျက်လုံး ဖူးရောင်ဒဏ်ရာနှင့် တပ်သားတစ်ဦး၏ လည်းပင်းမှာ ဒဏ်ရာတို့ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ထို့နောက် အကျဉ်းသားအချို့သည် စုရုံးကာ ထောင်ပိတ်ချိန်တွင် ခေါ်ယူရိုက်နှက် စစ်ဆေးခြင်း မလုပ်ရန်၊ ထောင်ဝန်ထမ်းများက အကျဉ်းသားများကို ခွဲခြားဆက်ဆံမှု မလုပ်ကြရန်၊ တိုက်ပိတ်ခံထားရသော အကျဉ်းသား ၁၀ ဦးအား ၎င်းတို့၏ အခန်းအသီးသီးကို ပြန်ပို့ပေးရန် အကြောင်းအရာ မခိုင်လုံဘဲ တိုက်ပိတ်မထားရန်စသည့် အချက်အလက်တွေကို တောင်းဆိုခဲ့ကြကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဒုတိယရဲမှူးကြီးက အတည်မပြုပေးနိုင်ပေ။

“တောင်းဆိုချက်အသေးစိတ်တော့ မသိဘူး။ သူတို့တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ အကျဉ်းသားကိုယ်စားလှယ် ၆ ဦးနဲ့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေ၊ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ ရဲအရာရှိတွေနဲ့ ညှိနိုင်ကြတော့ ညနေပိုင်းအချိန်မှာ ပြေလည်သွားကြတာပေါ့”ဟု ပြောဆိုသည်။

R-22