News

POST TYPE

REGIONAL

မန္တလေးတွင် ဖန်မီးအိမ် ကျောင်းစာကြည့်တိုက် စဖွင့်
03-Oct-2018


မန္တလေး၊ အောက်တိုဘာ ၂

ကျောင်းစာကြည့်တိုက်များ ပြန်လည် ရှင်သန်ရေးနှင့် ဖွံ့ဖြိုးစေရန်ရည်ရွယ်သည့် စာဖတ်ကြစို့စီမံကိန်းအရ ဖန်မီးအိမ် ကျောင်းစာကြည့်တိုက်ကို ချမ်းမြသာစည်မြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် အောက်တိုဘာလ ၂ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။

“စာကြည့်တိုက်တွေက အများကြီး ဖွင့်နေတာ။ သူ့စီမံချက်နဲ့သူ ဖွင့်နေတာ။ ဘယ်လိုပဲဖွင့်ဖွင့် ကျောင်းတွေမှာ စာကြည့်တိုက်တွေ ဖွင့်ဖြစ်တယ်ဆိုရင် ကောင်းတဲ့ အကျိုးကျေးဇူးတွေရမှာပါ”ဟု အဆိုပါကျောင်းမှ ကျောင်းအုပ်ကြီး ဦးမောင်မောင်က ပြောကြားသည်။

စာဖတ်ကြစို့စီမံကိန်းကို MBAPF (မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအသင်း)၊ မြန်မာနိုင်ငံ စာကြည့်တိုက်များအသင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ အမေရိကန်အခြေစိုက် အဖွဲ့အစည်း Room to Read နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းအရ မန္တလေးတိုင်းအတွင်းရှိ အခြေခံပညာမူလတန်းနှင့် မူလတန်းလွန်ကျောင်း ၁၀ ကျောင်းကို ရွေးချယ်ထားပြီး အမှတ် (၁၆) အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပထမဆုံးဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အခြားကျောင်းများတွင်လည်း ယခုလအတွင်း အပြီးဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း MBAPF ၏ စီမံကိန်းမန်နေဂျာ ဒေါ်မြတ်စန်းငြိမ်းက ပြောကြားသည်။

ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ရန် စာအုပ်များ၊ စာအုပ်စင်များ၊ စာကြည့်တိုက် အလှဆင်ခြင်း၊ စာကြည့်တိုက်အတွက် ဆရာ၊ ဆရာမများကို အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးထားသည်ဟု ၎င်းကပြောဆိုသည်။

အခြေခံပညာကျောင်းများတွင် စာကြည့်တိုက်အချိန်ထည့်သွင်းရန် အခြေခံပညာဦးစီးဌာနက ယခုနှစ် ဇွန်လက ညွှန်ကြားထားသည့်အတွက် တစ်ပတ်လျှင်တစ်ကြိမ် စာကြည့်တိုက်အချိန် ထည့်သွင်းထားပြီး အသံထွက် စာဖတ်ခြင်း၊ အသံတိတ်စာဖတ်ခြင်း၊ နှစ်ယောက်တွဲ စာဖတ်ခြင်း၊ ပူးပေါင်းစာဖတ်ခြင်း လေ့ကျင့်ခန်းများကို ပြုလုပ်ပေးမည်ဖြစ်သည်။

အဆိုပါစီမံကိန်းအရ မန္တလေးတိုင်းအတွင်း စာကြည့်တိုက်အချိန် ထည့်သွင်းသည့် မူလတန်းလွန်ကျောင်း ၁၀ ကျောင်းရှိရာ ချမ်းမြသာစည်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် သုံးကျောင်းစီ၊ အမရပူရနှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် နှစ်ကျောင်းစီ ပါဝင်နေသည်။ 

မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းပေါင်း ၄၆,၀၀၀ ကျော်ရှိသည့်အနက် စာဖတ်ကြစို့စီမံကိန်းအရ စာကြည့်တိုက်အချိန်ထည့်သွင်းထားသည့် ဖန်မီးအိမ်ကျောင်းစာကြည့်တိုက် ၂၀ ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။

M-07