News

POST TYPE

REGIONAL

ကမ်းပါးဆက်မပြိုကျရေး ကလေးမြို့ မြောက်စည်းရွာတွင် ကမ်းထိန်းနံရံလုပ်
13-Sep-2018


ကလေး၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်စည်းကျေးရွာတွင် မဏိပူရ်မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျကာ နေအိမ်များဖျက်ပြီး ပြောင်းရွှေ့ရမည့်အရေးနှင့် ရင်ဆိုင်နေရသည့်အတွက် ကမ်းပါးမပြိုကျရေး ရွာသူရွာသားများစုပေါင်းအင်အားဖြင့် ကမ်းထိန်းနံရံ ပြုလုပ်လျက်ရှိကြောင်း မြောက်စည်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးသိန်းက ပြောကြားသည်။

အဆိုပါလုပ်ငန်းကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်မှ စတင်၍ MIT Co.,Ltd. မှ စက်ယန္တရားတစ်စီးအကူအညီပေးခြင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ်းပါးကို သဲထည့်ပြီး အုပ်နိုင်သည့် တာလပတ်များ အကူအညီပေးကာ ရွာသူရွာသားများ၏ စုပေါင်းအင်အားဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယခင်ကပြုလုပ်ထားသည့် ကမ်းထိန်းနံရံမှ မြစ်အထက်ဘက်တစ်လျှောက် ပေ ၁၈၀၀ ခန့်ကို ကမ်းပါးမပြိုစေရေးအတွက် သဲအိတ်များစီကာ တာလပတ်အမိုးဖြင့် အုပ်သည့်စနစ်ဖြင့် ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

“ပဲ့တဲ့နေရာအကုန်လုံးကို အဓိကထားပြီးလုပ်မှာ။ ရေမြစ်ဖြိုးရော ကုမ္ပဏီဘက်ကရော အခုလောလောဆယ် အနေအထားအရကို ကမ်းပါးမပဲ့အောင် ကူညီဆောင်ရွက်ပေးတာကို ဝမ်းသာပါတယ်”ဟု ဦးစိုးမိုးသိန်းက ပြောဆိုသည်။

ယခုနှစ် မိုးရာသီကာလ မြောက်စည်းကျေးရွာကမ်းပြိုမှုမှ ကာကွယ်နိုင်ရေး မြောက်စည်းကျေးရွာအနီး မဏိပူရ်မြစ်ကြောင်း အရှည် ၄၀၀၄ ပေကို ရေလမ်းကြောင်း ဖြောင့်ခြင်းနှင့် ကျောက်စီမြေထိန်းနံရံ အလျားပေ ၈၁၀ တည်ဆောက်ခြင်းတို့ကို ကျပ်သန်း ၅၀၀ အသုံးပြု၍ MIT Co., Ltd. က ၂၀၁၈ ခုနှစ်၊ ၆ လ ဘတ်ဂျက်ဖြင့် တာဝန် ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းမှ သောင်တူးခြင်းလုပ်ငန်းကို ယခုနှစ် မေလ ၁၅ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ရာ ဇွန်လ ၁၄ ရက်နေ့တွင် မဏိပူရ်မြစ်ရေ ရုတ်တရက်ကျဆင်းလာပြီး ရေလမ်းကြောင်းဖြောင့်ထားသည့် သောင်အရှည်ပေ ၂၅၀၀ ကျော်မှာ မျောပါပျက်စီးခဲ့ပြီးနောက် သောင်တူးခြင်းနှင့် ကမ်းထိန်းနံရံပြုလုပ်ခြင်းကို ရပ်နားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

မဏိပူရ်မြစ်ရေသည် မြောက်စည်းကျေးရွာသို့ ဦးတည်စီးဆင်းပြီး မြောက်စည်းရွာအရှေ့ဘက်ရှိ လျှားခုံ (ခေါ်) သောင်ခုံး ၄ ဧကမှာ ပြိုကျပျက်စီးခဲ့ပြီးနောက် ကမ်းပါးသည် လူနေအိမ်များနှင့် နီးကပ်လာသဖြင့် လူနေအိမ်များကို ဖျက်ရွှေ့ရမည့်အရေးနှင့် ရင်ဆိုင်နေရသည့်အတွက် ယခုကဲ့သို့ ကမ်းထိန်းနံရံဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းတို့၏အဆိုအရ သိရသည်။

R-20