News

POST TYPE

REGIONAL

ဥပဒေအရာရှိ အမျိုးသမီးကို လူသတ်မှုဖြင့် စစ်ဆေးနေသည့်အမှု တရားသူကြီး ပြောင်းစစ်ဆေးမည်
07-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၆

အိမ်အကူအမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်၍ လူသတ်မှု ပုဒ်မဖြင့် ဥပဒေအရာရှိ အမျိုးသမီးကို တရားစွဲဆို စစ်ဆေးနေသည့် အမှုအား လာမည့်ရုံးချိန်းတွင် တရားသူကြီးအသစ်ဖြင့် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

တရားသူကြီး အပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အမှုစစ်ဆေးမှု အခြေအနေပေါ် ထိခိုက်လာနိုင်ခြင်း မရှိကြောင်းနှင့် ယခင်ရုံးချိန်းရက်များက စစ်ဆေးခဲ့သော တရားသူကြီးမှာ အငြိမ်းစား ယူသွားပြီဖြစ်ကြောင်း တရားလိုဘက်မှ ရှေ့နေတစ်ဦးက ပြောသည်။

“တရားသူကြီး အပြောင်းအလဲ ဖြစ်သွားပြီမို့ တရားလိုဘက်က ဖြစ်စေ၊ တရားစွဲဆိုခံရသူဘက်က ဖြစ်စေ ဒီအမှုကို အစကနေ ပြန်စစ်ချင်လား ဒါမှမဟုတ် လက်ရှိစစ်နေတဲ့ အမှုကိုပဲ ဆက်လက်စစ်ဆေးသွားချင်လားဆိုတာ တောင်းဆိုခွင့်ရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တရားလိုဘက်က ဘာမှတောင်းဆိုသွားမှာ မဟုတ်ပါဘူး”ဟု သေဆုံးသူ အိမ်အကူမကရင်မဘက်မှ ရှေ့နေတစ်ဦးက ဆိုသည်။ 

အိမ်အကူ မကရင်မ သေဆုံးမှုနှင့်ပတ်သက်၍ လှည်းကူးမြို့နယ်၊ အင်းတိုင်၊ သံချပ်ကာတပ်ရင်းရှိ အရာရှိရိပ်သာတွင် နေထိုင်သော ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု (၃၂ နှစ်)ကို တောင်ပိုင်းခရိုင် တရားရုံးတွင် လူသတ်မှု ပုဒ်မဖြင့် တရားစွဲဆိုထားပြီး စက်တင်ဘာလ ၆ ရက်နေ့ ရုံးချိန်းက သေဆုံးသူနေထိုင်သည့် ကျေးရွာမှ အုတ်ဖိုကျေးရွာအုပ်ချုပ်ရေးမှူးကို စစ်ဆေးခဲ့သည်။

ကလေးလေးယောက် မိခင် မုဆိုးမဖြစ်သူ အသက် ၃၈ နှစ် မကရင်မ (ခ) မခင်စန္ဒာဦးမှာ လှည်းကူးမြို့နယ်၊ အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာတွင် နေထိုင်သော ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု၏ နေအိမ်တွင် အိမ်အကူ သွားရောက် လုပ်ကိုင်နေရာမှ ယခုနှစ် မေလ ၁၉ ရက်နေ့က နေမကောင်းဖြစ်နေသည့် မကရင်မကို ၎င်းနေထိုင်သည့် တွံတေးမြို့နယ်၊ အုတ်ဖိုကျေးရွာသို့ ကောင်းမွန်စွာ ပြန်လည်ပို့ အပ်ခဲ့ကြောင်း ယင်းကျေးရွာမှ ရာအိမ်မှူးကို အသိသက်သေအဖြစ် ဒေါ်သိင်္ဂီစုက လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ 

မကရင်မကို အုတ်ဖိုကျေးရွာနေသူများထံ ဒေါ်သိင်္ဂီစုက ပြန်အပ်သွားပြီးနောက် နေမကောင်းဖြစ်နေသည်ဟုဆိုသော မကရင်မကို ရွာသူရွာသားများက ဝိုင်းဝန်းမေးမြန်းရာ အိမ်ရှင်ဒေါ်သိင်္ဂီစုက ရွှေဆွဲကြိုး ခိုးယူသည်ဟု ၎င်းကို စွပ်စွဲပြောဆိုပြီး ခြေဖြင့်ကန် ကျောက်ပြင်ဖြင့် ထုသောကြောင့် ဦးခေါင်း၊ မျက်နှာနှင့် ရင်ဘတ်တို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပြီး နောက်ဆေးရုံသို့ တင်ပို့ကုသရန် စီစဉ်နေချိန်တွင် မကရင်မမှာ သေဆုံးသွားခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ဆေးချက်အရ ဦးခေါင်း ညာချိုစောင်းရှိ ဦးနှောက်သွေးကြောများမှာ ပုံမှန်ထက် ဖောင်းကားနေပြီး ဝမ်းဗိုက်ညိုမည်း ဒဏ်ရာနှင့် အူတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာများကို တွေ့ရှိခဲ့သောကြောင့် ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုကို ရဲတပ်ဖွဲ့က လူသတ်မှု ပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ၍ တောင်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆို စစ်ဆေးနေပြီး သေဆုံးသူ မကရင်မ၏ သားသမီးလေးဦး စားဝတ်နေရေးအတွက် အုတ်ဖိုကျေးရွာသူရွာသားများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ထားသည်။ 

S-03



  • VIA