News

POST TYPE

REGIONAL

ကျောက်ကြီးတွင် ရေကြီး၍ လူ ၆၀၀၀ ကျော် ရေလွတ်ရာသို့ပြောင်းရွှေ့
06-Sep-2018


တောင်ငူ၊ စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေသည် စက်တင်ဘာလ ၅ ရက်နေ့မှစတင်ပြီး စိုးရိမ်ရေမှတ်အထက် ပြန်လည်ကျော်လွန်ရောက်ရှိခဲ့သဖြင့် လူဦးရေ ၆၀၀၀ ကျော် ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းရကြောင်း ကျောက်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယင်းမြို့အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၈ ခုဖွင့်၍ ရေဘေးသင့် မိသားစုများကို ရွှေ့ပြောင်းပေးထားရပြီး ယခုရေကြီးမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဆန်၊ ဆီ၊ ဆားနဲ့ လိုအပ်တဲ့ဟာတွေ ထောက်ပံ့ပေးထားတယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။

ကျောက်ကြီးမြို့နယ်အတွင်း ဇူလိုင်လနောက်ဆုံးပတ်ခန့်က ပထမအကြိမ် စစ်တောင်းမြစ်ရေမြင့်တက်ခဲ့ပြီး လူဦးရေ ၅၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်းနှင့် ယခုဒုတိယအကြိမ် မြင့်တက်ခြင်းကြောင့် မြစ်ကမ်းကျေးရွာများတွင် သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ယင်းဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်ထိ ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်နှင့် မြစ်လက်တက်များတွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေပြီး မြို့ပေါ်ရပ်ကွက် ၂ ခုမှ အိမ်ထောင်စု ၂၉ ခုသည် ပဲခူးရပ်ကွက် မိုးကုတ်ဓမ္မာရုံနှင့် သိန်တန်းရပ်ကွက် မင်းအိုကြီး ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၌လည်းကောင်း၊ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်ခဲ့သည့်အတွက် ဒေါင်းမို့ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအပါအဝင် နီးစပ်ရာနေရာများတွင်လည်းကောင်း ခိုလှုံနေရပြီး အများစုမှာ ရေဘေးကယ်ဆယ်ရေးစခန်းသို့ မရောက်လာကြကြောင်း ဒေသခံအချို့ကဆိုသည်။

ကျောက်ကြီးရှိ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်သည် ၉၃၀ စင်တီမီတာ ဖြစ်သော်လည်း လက်ရှိစစ်တောင်းမြစ်ရေသည် ၉၈၀ စင်တီမီတာသို့ ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

စက်တင်ဘာလ ၅ ရက်နေ့က တောင်ငူ၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ပြန်လည်ရောက်ရှိလာခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များ ရေပြန်ဝင်လာသည့်အတွက် တောင်ငူဒေသခံများ နီးစပ်ရာ ရေလွတ်သည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်နေရသည်။

R-15