News

POST TYPE

REGIONAL

သင်္ဃန်းကျွန်း ငမိုးရိပ်ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ဆွဲကြိုးဖြတ်လုယက်ခံရ
ရန်ကုန်၊ စက်တင်ဘာ ၄ 

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ (၉) လမ်းနှင့် (၁၀) လမ်းကြားတွင် စက်တင်ဘာလ ၂ ရက် ည ၇ နာရီခန့်က အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆွဲကြိုးဖြတ်လုယက်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယင်းရပ်ကွက်တွင်နေထိုင်သူ မခိုင်နီနီထွန်းသည် ယင်းနေ့က ရန်ကုန်ဘူတာကြီးမှ ငမိုးရိပ်ဘူတာသို့ ရထားစီးပြီး နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာသော အမည်မသိအမျိုးသားတစ်ဦးက အနီးအရောက် လည်ပင်းဆွဲထားသော အလေးချိန်တစ်ကျပ်သားခန့်ရှိ စပယ်ဖူးပုံသဏ္ဌာန်ရွှေဆွဲကြိုးနှင့် အလေးချိန် သုံးပဲသားခန့်ရှိ ပန်းပွင့်ပုံဆွဲသီးတစ်လုံးကို ဆွဲဖြတ်လုယက်ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“လုယက်ခံရတဲ့ အမျိုးသမီးက မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ကြီးကြပ်ရေးမှူးလုပ်နေတာ။ ဘူတာကနေအိမ်ကို လမ်းလျှောက်ပြန်နေတုန်း လုယက်ခံရတာ၊ လုယက်ခံရတယ်ဆိုတာ အော်ဟစ်အကူအညီတောင်းတဲ့အတွက် ရပ်ကွက်က လူတွေရယ်၊ အနီးမှာရှိတဲ့ရဲတွေရယ် ပူးပေါင်းဖမ်းဆီးလိုက်တာ။ ငမိုးရိပ် (၈) လမ်းထိပ်မှာ ချက်ချင်းပဲဖမ်းမိခဲ့တယ်” ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

လုယက်ထွက်ပြေးသည် ဟုဆိုသော အမျိုးသားမှာ ပဲခူးတိုင်းဒေသကြီး၊ အင်းတိုင်မြို့နယ်တွင် နေထိုင်သူ အသက် ၂၇ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းကို သင်္ဃန်းကျွန်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

အလားတူ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၀) ရပ်ကွက်၊ ကနောင် မင်းသားကြီးလမ်းပေါ်တွင် ဩဂုတ်လ ၂၈ ရက် ညနေ ၄ နာရီခန့်က သားဖြစ်သူကို ကျောင်းကြိုပြီး နေအိမ်သို့လမ်းလျှောက် ပြန်လာသူ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို နောက်မှမောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်ပါ အမျိုးသားနှစ်ဦးက ဆွဲကြိုးဖြတ် လုယက်ထွက်ပြေးသွား ခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

S-03