News

POST TYPE

REGIONAL

ဧရာဝတီ ကမ်းပါးပြို၍ အဖျောက်၌ ရွာလုံးကျွတ် ပြောင်းရွှေ့
03-Sep-2018


တိုက်ကြီး၊ စက်တင်ဘာ ၂ 

တိုက်ကြီးမြို့နယ် အဖျောက်မြို့ အုန်းပင်ကွင်းကျေးရွာအုပ်စု အေးကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် စက်တင်ဘာလ ၁ ရက်မှစ၍ ဒေသခံ ၁၀၀၀ ကျော် ရွာလုံးကျွတ်နီးပါး ပြောင်းရွှေ့ရကြောင်း ကျေးရွာရပ်မိရပ်ဖများက ပြောသည်။ 

အဆိုပါရွာမှာ ၂၀၁၅ ခုနှစ်မှစ၍ ကမ်းပါးပြိုကျမှုဖြစ်နေသောကြောင့် အိမ်အနည်းငယ်သာ ပြောင်းရွှေ့ရသော ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ကမ်းပြိုမှု ပိုမိုမြင့်တက်လာပြီး စက်တင်ဘာလ ၁ ရက်တွင် ဒေသခံ ၁၀၀၀ ကျော်နှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်းတို့ပါ ပြောင်းရွှေ့ထားရကြောင်း ၎င်းတို့ထံမှသိရသည်။ 

ဒေသခံများက ကျေးရွာကို စွန့်ခွာကာ ရွာနှင့် ပေ ၁၃၀၀ ကျော်အကွာရှိ သင်္ချိုင်းမြေနှင့် မြေလွတ်မြေရိုင်းများပေါ်တွင် ပြောင်းရွှေ့နေထိုင်နေကြောင်း ဒေသခံများက ဆိုသည်။

“ရွာကတော့ ကမ်းပြိုလို့ကုန်ပြီ၊ မြစ်ကမ်းပြိုလိုက် လွတ်တဲ့နေရာပြောင်းလိုက် အိမ်ရွှေ့လိုက်နဲ့ အခု ၅ ကြိမ်ရှိနေပြီ၊ နေစရာမရှိတဲ့အဆုံး သင်္ချိုင်းကုန်းမှာ နေနေရတယ်”ဟု ကျေးရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။ 

အစိုးရတာဝန်ရှိသူများ လာရောက်စဉ်က စားကျက်မြေတွင် ပြန်လည်နေရာချထားပေးမည်ဟု ဆိုသော်လည်း လက်ရှိအထိ ထူးခြားမှုမရှိကြောင်း ၎င်းက ဆိုသည်။ 

ကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့ရသော ဒေသခံများမှာ လက်လုပ်လက်စားဖြစ်၍ ငွေကြေးမတတ်နိုင်သဖြင့် ဆွေမျိုးများထံ ယာယီတဲဆောက်ကာ နေထိုင်နေခြင်းနှင့်လမ်းပေါ်တွင် တဲထိုးကာ နေထိုင်နေရကြောင်း အေးကျေးရွာဒေသခံ ဦးမြင့်သန်းက ပြောသည်။ 

R-19


  • VIA