News

POST TYPE

REGIONAL

အမှတ် (၇၀၂) တပ်အတွင်း၌ ၆ နှစ် မိန်းကလေး လည်ပင်းညှစ်သတ်ခံရ
03-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂ 

မှော်ဘီမြို့နယ်၊ ဆပ်သွားတော ကျေးရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းဘေးရှိ အမှတ် (၇၀၂) ခြေမြန်တပ်ရင်းဝင်းအတွင်းတွင် ဩဂုတ်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး လည်ပင်းညှစ်သတ်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ယင်းတပ်ရင်းဝင်းအတွင်း နေထိုင်သူ တပ်ကြပ်ကြီးတစ်ဦး၏ သမီးဖြစ်သူ အသက် ၆ နှစ်အရွယ် မိန်းကလေးမှာ ယင်းနေ့က ပျောက်ဆုံးနေသဖြင့် လိုက်လံရှာဖွေရာ အခြားအဆင့်မိသားစုလိုင်းခန်း၏ အနောက်ဘက် ပေ ၄၀၀ ခန့် အကွာရှိ ချုံနွယ်ကိုင်းတောအတွင်း၌ ၎င်းဝတ်ဆင်ထားသော အစိမ်းရောင်ဘောင်းဘီမှာ လည်ပင်းပတ်လျက် ပြင်ပဒဏ်ရာမတွေ့ရဘဲ သေဆုံးနေသည်ကိုတွေ့ရသဖြင့် ရုပ်အလောင်းကို အမှတ် (၁) တပ်မတော် ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးရာက လည်ပင်းညှစ်သတ်ခံရသည်ကို သိရှိခဲ့ရကြောင်း အမှုဖွင့်တိုင်တန်းချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“အသတ်ခံရတဲ့ကလေး တစ်တန်းတက်နေတာ။ အဲနေ့က နေမကောင်းလို့ ကျောင်းမသွားဘဲ လိုင်းခန်းမှာပဲ ဆော့နေတာ၊ ထမင်းစားချိန်ကျတော့ မတွေ့တာနဲ့ လိုက်ရှာရင်း ပြင်ပဒဏ်ရာ မတွေ့ရဘဲ သေဆုံးနေတာကို တွေ့ရတာပါ။ ဆရာဝန်စစ်ဆေးတော့မှ လည်ပင်းညှစ်သတ်ခံရတာကို သိခဲ့ရတာ။ အဲဒါနဲ့ မသင်္ကာသူကိုခေါ်ပြီး စစ်ဆေးတော့မှ ဖြစ်စဉ်အမှန်ကို သိခဲ့ရတာပါ၊ အဲဒါကြောင့် သေမှုသေခင်းကနေ လူသတ်မှုကို ပြောင်းဖွင့်ထားပါတယ်”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ယင်းမိန်းကလေးအား လည်ပင်းညှစ်သတ်မှုဖြင့် စစ်ဆေးဖမ်းဆီးခံရသူမှာ အသက် ၁၅ နှစ်အရွယ် ယောကျာ်းလေးဖြစ်ပြီး အခင်းဖြစ်နေ့ နံနက် ၁၀ နာရီခန့်က သေဆုံးသူမိန်းကလေးက မာလာကာသီး စားချင်သည်ဟု ပြောဆိုသဖြင့် လိုင်းခန်းအနောက်ဘက် ချုံနွယ်ကိုင်းတောအစပ်ရှိ မာလာကာပင်အောက်သို့ ခေါ်သွားကာ မာလကာသီး ခူးကျွေးခဲ့ပြီးနောက် ကိုင်းတောအတွင်းသို့ ထပ်မံ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် ပြုကျင့်ရန် ကြိုးစားအားထုတ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ရာ သေဆုံးသူမိန်းကလေးမှ ငိုယိုပြီး မိဘများကို တိုင်မည်ဟုပြောဆိုသဖြင့် ဆွဲချွတ်ထားသော မိန်းကလေး၏ဘောင်းဘီဖြင့် လည်ပင်းကို ချည်နှောင်ကာ ညှစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။

ယင်းမိန်းကလေးအား လည်ပင်းကို ညှစ်သတ်ခဲ့သည်ဟုဆိုသော လူငယ်ကို မှော်ဘီမြို့မရဲစခန်းက စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၃ နာရီ ခန့်တွင် ဖမ်းဆီးကာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။  

J-16


  • VIA