News

POST TYPE

REGIONAL

စစ်တွေ-ရခိုင်ဒုက္ခသည် ၂၀၀ ကျော် WFP ထောက်ပံ့မှု ရပ်
02-Sep-2018

စစ်တွေ၊ စက်တင်ဘာ ၂ 

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်ဒုက္ခသည်စခန်းမှ အိမ်ထောင်စု ၆၅ စု လူဦးရေ ၂၄၃ ဦးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က စက်တင်ဘာလ ၁ ရက်မှစ၍ စားနပ်ရိက္ခာ ထောက်ပံ့မှုရပ်ဆိုင်းလိုက်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ 

အဆိုပါစခန်းတွင် အိမ်ထောင်စု ၁၅၀ ကျော် လူဦးရေ ၆၁၂ ဦး နေထိုင်သည့်အနက် လူ ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာ ရပ်ဆိုင်းလိုက်သည်ဟု ဩဂုတ်လ ၃၁ ရက်က အကြောင်းကြားလာကြောင်း စခန်းခေါင်းဆောင် ဦးမောင်ဘုလှက ပြောသည်။

“ကျွန်တော်တို့ဆီကို တာဝန်ရှိတဲ့သူတွေ စာရင်းလာကောက်ကြတယ်၊ အဲဒီအချိန်က တချို့ကအိမ်ကိုသော့ပိတ်ပြီးတော့ မြို့ထဲမှာ အလုပ်သွားလုပ်နေကြတော့ စာရင်းထဲမှာ ပါမသွားတာတွေ၊ အိမ်မှာ ဆွေမျိုး၊ အသိမိတ်ဆွေတွေကို အိမ်ငှားသဘောမျိုးထားပြီး မြို့ထဲမှာ အလုပ်လုပ်နေတဲ့သူတွေရှိတယ်၊ အခု ရိက္ခာဖြတ်တဲ့ထဲပါသွားတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ရိက္ခာဖြတ်တောက်ခံရသော အိမ်အများစုတွင် စာရင်းလာကောက်စဉ်က လူရှိပြီး စာရင်းကောက်ယူခဲ့မှုများလည်း ရှိကြောင်း၊ အချို့အိမ်အနည်းငယ်သာ တံခါးပိတ်ထားသဖြင့် စာရင်းမကောက်ကြောင်း စခန်းနေသူများက ပြောသည်။

“ကျွန်မတို့အိမ်ကို စာရင်းကောက်သွားတယ်၊ ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ (ရိက္ခာဖြတ်တောက်ခံရခြင်း) တော့မသိဘူး၊ အရင်တုန်းက ထောက်ပံ့ပေးနေတာနဲ့တောင် လုံလောက်မှုမရှိတာ အခုဆိုရင် ပိုပြီး အခက်အခဲဖြစ်သွားတယ်”ဟု ရိက္ခာဖြတ်တောက်ခံရသူ ဒေါ်ခင်မာနွယ်က ပြောသည်။

WFP က ဒုက္ခသည်တစ်ဦးအတွက် တစ်လလျှင် ဆန် ၁၃ ပြည်ကျော်၊ ဆီတစ် လီတာ၊ ပဲနှင့်ဆားတို့ကို ထောက်ပံ့ကြောင်း၊ ရိက္ခာဖြတ်တောက်ခံရသူ ဒုက္ခသည်များ စားဝတ်နေရေး ခက်ခဲမည်ဖြစ်သောကြောင့် ထောက်ပံ့မှုများ ပြန်လည်ရရှိရန် အစိုးရထံ အသနားခံ တင်ပြသွားမည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

၂၀၁၂ ခုနှစ်က စစ်တွေမြို့၌ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများကို အစိုးရက စက်ရုံစုရပ်ကွက်တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ နေရာချထားပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် မင်းဂံရပ်ကွက်သို့ ရွှေ့ပြောင်းကာ ပြန်လည် နေရာချထားခဲ့ခြင်းဖြစ်သည်။

မင်းဂံဒုက္ခသည်စခန်းရှိ နေထိုင်ရာ အိမ်ကို ရောင်းချထားသူများ၊ အိမ်ကိုအငှားချထားသူများနှင့် သော့ပိတ်ထားသော အိမ်များရှိ အိမ်ထောင်စုများကို စားနပ်ရိက္ခာ ဖြတ်တောက်ခဲ့ကြောင်း WFP မှ ထောက်ပံ့ပေးသော စားနပ်ရိက္ခာများကို တာဝန်ယူဖြန့်ဖြူးပေးနေသော ပြည်တွင်းအခြေစိုက် NGO ဖြစ်သည့် People for People မှ ဘဏ္ဍာရေး ဦးထွန်းကြည်က ရှင်းပြသည်။ 

“တစ်ချို့က သူများကို ငှားထားပြီးတော့ ရိက္ခာတွေကို ကိုယ့်နာမည်နဲ့ ထုတ်စားနေတယ်။ အိမ်ငှားတဲ့သူကိုလည်း မပေးဘူး အဲဒါမျိုးတွေကြောင့်ပေါ့”ဟု ၎င်းကဆိုသည်။ 

အလားတူ ကျန်ရှိသော ရခိုင် ကယ်ဆယ်ရေးစခန်း၊ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများကို အစိုးရဌာနဆိုင်ရာများ အဖွဲ့များနှင့် ပူးပေါင်းကာ ဝင်ရောက်စစ်ဆေးရန် စီစဉ်နေကြောင်း ၎င်းထံမှသိရသည်။

R-22