News

POST TYPE

REGIONAL

ပုသိမ်၌ မြစ်ကူးတံတားသစ်တစ်စင်း ထပ်ဆောက်မည်
30-Aug-2018
ပုသိမ်၊ ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ငဝန်မြစ်ကူးတံတားတစ်စင်းကို ၂ နှစ် အချိန်ယူ၍ ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

“၂၀၁၈ - ၂၀၁၉ မိန်းဘတ်ဂျက်မှာ စတင်တည်ဆောက်မှာပါ၊ မြေစမ်းသပ်မှုတွေဆောင်ရွက်နေပါပြီ၊ ပြီးရင် ဒီဇိုင်းဆွဲမှာပေါ့နော်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါတံတားသစ်ကို ဘတ်ဂျက်လျာထားငွေမှာ ကျပ်သိန်းလေးသောင်းဖြင့် အကုန်ကျခံ၍ တည်ဆောက်မည်ဖြစ်ပြီး တံတားသစ်၏ တည်နေရာမှာ မေတ္တာဦးတံတားနေရာနှင့် တစ်ဖက်ကမ်းမှ စိန်ကုန်းဇက်ဆိပ်နေရာတို့ကို ဆက်သွယ်တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

“ပုသိမ်ကိုမြင်နေရပေမယ့် ဝေးနေတယ်၊ ပုသိမ်ကိုသွားချင်ရင် ဟိုးဘက်ကြိုးတံတားကနေ ပတ်ပြီးသွားရတယ်၊ တည့်တည့်ကူးချင်ရင်တော့ မြစ်ဖြတ်ကူးတို့နဲ့ ကူးမှရတယ်၊ မိုးတွင်းဆိုအန္တရာယ်အရမ်းများတယ်၊ ဆိုင်ကယ်နဲ့ လူနဲ့ကူးခက တစ်နေ့ကို ၁၀၀၀ နဲ့ ၁၅၀၀ ကြားမှာ ရှိတယ်၊ တံတားကြီးပြီးသွားရင် ကျွန်မတို့ စိတ်အေးချမ်းစွာ သွားလို့ရမယ်၊ ကျွန်မတို့လို ရွာမှာနေပြီး ပုသိမ်မြို့ကို ရုံးတက်၊ ကျောင်းသွားရသူတွေအတွက်ကတော့ အရမ်းကို အဆင်ပြေမှာပါ” ဟု ပုသိမ်တစ်ဖက်ကမ်းနေ အစိုးရဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

၂၀၀၄ ခုနှစ်အတွင်းက ပုသိမ်မြို့နှင့် ၄ မိုင်ခန့်ကွာဝေးသည့် နေရာတွင် ပုသိမ်ကြိုးတံတားကို တည်ဆောက်ခဲ့ပြီး ကြိုးတံတားမှာ ခံနိုင်မှုဝန်အားလျော့ကျလာခြင်း၊ ဖြတ်သန်းသွားလာသည့် ယာဉ်အစီးရေ များပြားလာခြင်းတို့ကြောင့် တံတားအသစ်တစ်စင်းတည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

R-11