News

POST TYPE

REGIONAL

ရွှေဘိုတွင်​ အရည်​အ​သွေးပြည့်မီသည့် ခိုင်းနွား ၁၅ သိန်းအထိ ဈေးပေါက်
30-Aug-2018 tagged as ရွှေဘို နွား

ရွှေဘို၊ ဩဂုတ် ၂၉

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်​များ၌ အရည်​အ​သွေးပြည့်မီသည့် ​ဒေသခိုင်းနွား​မှာ တစ်​​ကောင်လျှင် ကျပ် ၁၅ သိန်းအထိ ​ပေါက်ဈေးရှိနေကြောင်း ကျွဲ၊ နွား ရောင်းဝယ်ရေးလုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

ယခင်​နှစ်​များက ​ဒေသခိုင်းနွား တစ်​​ကောင်​လျှင် ၇ သိန်းမှ ၁၀ သိန်းဝန်းကျင်​သာ ရှိခဲ့ရာမှ အစိုးရက တရားဝင်​ ကျွဲ၊ နွား အရှင်​ ပြည်ပသို့တင်ပို့ခွင့်ပြပြီးနောက်​ပိုင်း အရည်အသွေးပြည့်ဝသည့် နွားတစ်​​ကောင်​လျှင် ၁၀ သိန်းမှ ၁၅ သိန်းအထိ ​ပေါက်​​ဈေး ရှိလာ​ကြောင်း ၎င်းတို့ထံမှ သိရသည်။ 

ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုထားရာတွင် ကောင်းကျိုး၊ ဆိုးကျိုးများရှိနေကြောင်း၊ ယခင်က ကျွဲ၊ နွားများကို တရားမဝင် ရောင်းဝယ်ကြပြီး ဈေးနှုန်းကိုလည်း ဈေးကောင်းပေးဝယ်ခြင်းမရှိခဲ့ကြောင်း ခင်​ဦးမြို့နယ်​၊ ကန်​သစ်​​ကျေးရွာ ဒေသခံ​တောင်သူကြီး ဦးတင်​ဝင်းက ပြောကြားသည်။

“အခုတရားဝင်​ခွင့်ပြုပြီးရောင်း ဝယ်​ခွင့်ပြုလိုက်​​တော့ ​တောင်​သူ​တွေ​ဈေး​ကောင်းရတယ်​။ တွက်​​ခြေကိုက်​တယ်​။ 

ဒါ​ပေမဲ့ နွားအစား စက်ငှားပြီး အသုံးပြုရတဲ့အတွက်​ လယ်​စရိတ်​ပိုကြီးတယ်”ဟု ၎င်းက ​ပြောဆိုသည်​။

စစ်ကိုင်းတိုင်းအတွင်း၌ နွားတင်ပို့ခွင့်ရထားသည့် ကုမ္ပဏီများက နွားများကို အပြိုင်အဆိုင်ဝယ်ယူမှုများရှိနေခြင်းကြောင့် နွားဈေးမှာ နှစ်ဆခန့် မြင့်တက်ခဲ့ပြီး မှောင်ခိုရောင်းဝယ်မှုများရှိနေခြင်းကြောင့်လည်း အချို့သောလယ်သမားများမှာ နွားပြန်မဝယ်ယူနိုင်သည့်အတွက် နွားတင်ပို့ကုမ္ပဏီများကိုစိစစ်ပေးရန်နှင့် ပတ်သက်၍ ကနီမြို့နယ် အမှတ် ၂ တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ဩဂုတ်လ ၁၃ ရက်နေ့က စစ်ကိုင်း လွှတ်တော်တွင် တင်ပြခဲ့သည်။

စစ်ကိုင်းတိုင်းတွင် ကျွဲ၊ နွား အရှင် တင်ပို့ခွင့်ရ ကုမ္ပဏီပေါင်း ၁၅၄ ခု ရှိပြီး တစ်ခေါက်လျှင် ခွင့်ပြုကောင်ရေ ၁၀၀ ကို တင်ပို့ခွင့်ပြုထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

R-09