News

POST TYPE

REGIONAL

ဆွာတမံကျိုး၍ လူငါးသောင်းကျော် အရေးပေါ်ပြောင်းရွှေ့၊ လူသုံးဦး ပျောက်ဆုံး
30-Aug-2018 tagged as ပဲခူး ရေတမံ

ဆွာ၊ ဩဂုတ် ၂၉

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့အတွင်းရှိ ဆွာချောင်းရေလှောင်တမံသည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၄ နာရီ ခန့်က ကျိုးပေါက်ခဲ့ခြင်းကြောင့် ယင်းတမံအနီးရှိ ရွာ ၂၃ ရွာမှ လူ ငါးသောင်းလေးထောင်ကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး သုံးဦးပျောက်ဆုံးနေကြောင်း ပဲခူးတိုင်း သယံဇာတ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောကြားသည်။

“သတင်းတွေထွက်နေတဲ့ လူခြောက်ဦး သေဆုံးတယ်ဆိုတာ မသေချာသေးပါဘူး၊ သုံးဦးပျောက်ဆုံးနေတာတော့ မှန်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် အဓိကလမ်းမများဖြစ်သည့် ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် လမ်းဟောင်းတို့တွင် ရေကျော်၍ ယာဉ်သွားလာမှု ပိတ်ထားခဲ့သည့်အပြင် ဆွာချောင်းကူးတံတားမှာလည်း ရေလည်တိုင်နှစ်ခု နိမ့်ကျပျက်ဆီးခဲ့ရပြီး နံနက် ၁၀ နာရီခန့်တွင် အမြန်လမ်းကို ယာဉ်ငယ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့သည်။

လက်ရှိအနေအထားအရ ရန်ကုန်-မန္တလေးကားလမ်းဟောင်း ရေကျော်နေမှုသည် ဩဂုတ်လ ၃၀ ရက်နေ့မှသာ ပြန်လည်ကျဆင်းနိုင်သည့်အတွက် ယင်းနောက်ပိုင်းမှသာ ဖြတ်သန်းခွင့်ပြန်ရနိုင်ကြောင်း ရေတာရှည်မြို့နယ် ကုန်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် စာသင်ကျောင်း ၂၀၀ ကျော် ကို ယာယီပိတ်ထားရပြီး ရေဝင်နေသည့် စာသင်ကျောင်းများကို ရေပြန်လည်ကျဆင်းမှသာ ပြန်ဖွင့်မည်ဖြစ်ကြောင်း ရေတာရှည် မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

“ဆွာတမံထဲ ရေပြန်လျော့နေပေမယ့် အောက်တမံမှာ ရေအများကြီးကျန်သေးတယ်။ အခုလမ်းပေါ်က ရေကလည်း ထပ်တိုးနေတယ်။ ဒီနေ့ (ဩဂုတ် ၂၉ ရက်)ရေပြန်ကျဖို့မရှိဘူး။ အစောဆုံးပြန်ကျရင်တောင် ညဥ့်နက်လောက်မှ ဖြစ်နိုင်မယ်” ဟု ကားလမ်ရေးကျော်နေသည့် ကျေးရွာဒေသခံလည်းဖြစ်သူ ၎င်းက ပြောကြားသည်။

ဆွာတမံမှရေများ အလုံးအရင်းဖြင့် ရွာအတွင်းစီးဝင်လာသည့်အတွက် ရွာလုံးကျွတ် ရေဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းလာကြပြီး ယင်းသို့တမံကျိုးခြင်းနှင့်ပတ်သင်၍ အစိုးရထံမှ မည်သည့်ထုတ်ပြန်ချက်မျှ ရရှိခြင်းမရှိခဲ့ကြောင်း ဆွာဆည်အောက်ဘက် မကျည်းခုံကျေးရွာ ဒေသခံဦးမြင့်ဦးက ပြောကြားသည်။

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲမှ ဩဂုတ်လ ၂၆ ရက်နေ့မှစတင်၍ ရေများ စတင်ကျော်ကျလျက်ရှိ သော်လည်း တမံကြံ့ခိုင်မှုကောင်း၍ စိုးရိမ်ဖွယ်မရှိကြောင်း နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာမှ ဩဂုတ် လ ၂၈ ရက်နေ့သတင်းစာ၌ ဖော်ပြပြီး နောက်ရက် ဩဂုတ်လ ၂၉ ရက်တွင် ကျိုးပေါက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၂၆ ရက်နေ့က ဆွာတမံ ရေပိုရေလွှဲမှရေကျော်ပြီး လေးရက်အကြာတွင် ရေထိန်းတံခါးပျက်ဆီးကာ ရေထိန်း နံရံကျိးပေါက်ခဲ့သည့်အတွက် တမံပတ်လည် တွင် ရေလေးပေခန့်အထိ ကျော်လွန်နေ ကြောင်း ရေပြန်လည်ကျဆင်းပါက ကျိုးပေါက် သည့်နေရာကို ပတ်လည်ကာရံပြီး ပြန်လည် ပြုပြင် တည်ဆောက်မည်ဖြစ်ကြောင်း ဆွာတမံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-15