News

POST TYPE

REGIONAL

မြစ်သာမြစ်ကမ်းပါးပြို၍ အိမ်ခြေ ၆၀ ကျော် ပြောင်းရွှေ့ရဖွယ်ရှိ
29-Aug-2018

ကလေး၊ ဩဂုတ် ၂၉

မြစ်သာမြစ် ကမ်းပါးဆက်တိုက်ပြိုကျနေခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ တောင်ဦးကျေးရွာရှိ အိမ်ခြေ ၆၀ ကျော်မှ လူပေါင်း ၂၅၀ ကျော်သည် ရွှေ့ပြောင်းရမည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း တောင်ဦးကျေးရွာတာဝန်ခံ ဦးကျော်ကျော်လင်းက ပြောကြားသည်။

တောင်ဦးကျေးရွာသည် မြစ်သာ မြစ်ကမ်းပါးဘေးတွင်တည်ရှိကာ နှစ်စဉ် ကမ်းပါးပြိုကျသဖြင့် လူနေအိမ်များကိုဖျက်၍ ပြောင်းရွှေ့နေခဲ့ရပြီး ယခုနှစ်အတွင်း ကမ်းပါးပြိုကျမှု ပိုမိုကြီးမားလာကာ ရွာ၏တောင်ဘက်အစွန်မှ မြောက်ဘက်အစွန်အထိ အလျားပေ ၃၀၀၀ ခန့် ပြိုကျနေခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“အိပ်လို့လည်းမပျော်ဘူး။ စားလို့လည်းမဝင်ဘူး။ သွေးတွေလည်း တိုးနေတာပေါ့။ ရွှေ့ရမယ်ဆိုတော့။ အစိုးရအဖွဲ့တွေအနေနဲ့ ပြိုပြီးသား လူလေးတွေလည်း အိမ်ရာတွေပေးဖို့ရယ် ကမ်းထိန်းနံရံတွေလည်း လုပ်ပေးစေချင်တယ်”ဟု တောင်ဦးကျေးရွာဒေသခံ ဒေါ်အေးစန်းဝင်းက ပြောဆိုသည်။

အဆိုပါ မြစ်ကမ်းပါးပြိုမှုကြောင့် ၂၀၁၇ ခုနှစ်အတွင်းက လူနေအိမ် ၁၃ လုံး၊ ယခုနှစ် ဩဂုတ်လအထိ လူနေအိမ် ၆ လုံးဖျက်၍ ပြောင်းရွှေ့ထားရပြီး ပြောင်းရွှေ့ရသည့် နေအိမ်များအတွက် မြေနေရာ မရှိသဖြင့် တောင်ဦးကျေးရွာနှင့် မြို့သာရပ်ကွက် လမ်းဘေးရှိ အစိုးရပိုင်မြေနေရာများတွင် ယာယီရွှေ့ပြောင်းနေထိုင်ကြကြောင်း၊ အမြဲတမ်းနေထိုင်နိုင်ရန် မြေနေရာမရှိသည့်အတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောကြားသည်။

“မနှစ်ကပြိုတဲ့အိမ် ဒီနှစ်ပြိုတဲ့အိမ် ရွာအရှေ့ကနေ တောက်လျှောက်တိုက်စားနေတာဖြစ်တဲ့အတွက် တစ်ရွာလုံး အခြေအနေဆိုးနေရတာ ဖြစ်တဲ့အတွက်ကြောင့် ကမ်းထိန်းနံရံလုပ်ပေးစေချင်တယ်”ဟု တောင်ဦးကျေးရွာ တာဝန်ခံ ဦးကျော်ကျော်လင်းက ဆိုသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ကွင်းဆင်းအသေးစိတ်တိုင်းတာ၍ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပြုလုပ်နိုင်ရန် တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြမည်ဖြစ်ကြောင်း ကလေးခရိုင်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်တာဝန်ခံ ဦးမျိုးမြင့်မြတ်က ပြောကြားသည်။

R-20