News

POST TYPE

REGIONAL

မြစ်ကြီးနား စီးပွားရေးဇုန်ကို အကြောင်းပြု၍ မြေကိုရောင်းစားမည်မဟုတ်ဟု ကချင်ဝန်ကြီးပြော
29-Aug-2018
မြစ်ကြီးနား၊ ဩဂုတ် ၂၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနောက်ဘက် လီဒိုလမ်းမကြီးဘေး နမ်ကျင်ဒေသတွင် တည်ဆောက်မည့် စီးပွားရေးဇုန်ကို အကြောင်းပြုပြီး ပြည်နယ်အစိုးရအနေနှင့် မြေကို ရောင်းစားမည်မဟုတ်ဟု ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက ပြောကြားသည်။

ဩဂုတ်လ၂၅ ရက်နေ့က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သည့် အစိုးရ၏ ၂ နှစ်ကျော်ကြာကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲတွင် ဝန်ကြီးက ယင်းသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ကိုယ့်ပြည်နယ်ထဲမှာ လာရောက်ပြီးမှ တည်ဆောက်မယ့် စီးပွားရေးဇုန်နဲ့ပတ်သက်ပြီး ကိုယ့်ပြည်သူ ပြည်သားတွေအတွက် အလုပ်အကိုင် အခွင့်အရေးရရှိဖို့က နံပါတ်တစ်။ လက်ရှိ ကချင်ပြည်နယ်အစိုးရဟာ ဒီစီးပွားရေးဇုန်အပေါ်မှာ အကြောင်းပြုပြီးတော့မှ လုံးဝမြေကို ရောင်းစားပြီးတော့မှ ဖြစ်သလို ဆောင်ရွက်သွားမှာ မဟုတ်ဘူးဆိုတာကို အတိအလင်းတင်ပြလိုပါတယ်”ဟု ဝန်ကြီး ဦးဝေလင်းက ပြောဆိုသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးသဘောတူထားခြင်း မရှိသေးကြောင်း၊ ဆက်လက်ချုပ်ဆိုသွားမည့်လုပ်ငန်း သဘောတူစာချုပ် MOA မှာလည်း ပြည်သူလူထုအတွက် အကျိုးမရှိဘဲ လက်ခံနိုင်ခြေမရှိပါက လက်ခံချုပ်ဆိုမည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ စီးပွားရေးဇုန်တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်ပြီး ယင်းတည်ဆောက်မည့် အနီးဝန်းကျင်ရှိ ဒေသခံများက မြေနေရာဆုံးရှုံးမည်ကို စိုးရိမ်နေကြပြီး စီးပွားရေးဇုန်တည်ဆောက်မည့်ကိစ္စကို လူထုအားချပြ၍ စနစ်တကျ ဆောင်ရွက်သင့်ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ရပ်မိရပ်ဖများက ဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နမ်ကျင်ဒေသရှိ မြေဧက ၄၇၀၀ တွင် စီးပွားရေးဇုန်တည်ဆောက်ရန် ကချင်ပြည်နယ်အစိုးရနှင့် တရုတ်နိုင်ငံ ယူနန်-ထိန်ချုံး ဟုန်ရင်ကုမ္ပဏီတို့ နားလည်မှု စာချွန်လွှာ MoU ကို ယခုနှစ် မေလ ၈ ရက်နေ့က ရေးထိုးထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

R-06


  • VIA