News

POST TYPE

REGIONAL

ရှမ်းမြောက် ဂုတ်တွင်းလမ်းပြုပြင်၍ အချိန်ပိုင်း လမ်းပိတ်မည်
26-Aug-2018


လားရှိုး၊ ဩဂုတ် ၂၆ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်း၊ နောင်ချိုနှင့် ကျောက်မဲအကြားရှိ ဂုတ်တွင်းလမ်းအပိုင်း မိုင်တိုင် ၈၃/၄ (ကုလားမကွေ့)တွင် ဩဂုတ်လ ၂၇ ရက် နေ့၌ နေ့လယ် ၁၂ နာရီခန့်မှစတင်၍ မွန်းလွဲ ၂ နာရီအတွင်း လမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ၂ နာရီခန့်ကြာ လမ်းပိတ်ထားမည်ဖြစ်ကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။

“မန္တလေးဘက်က လာတဲ့ယာဉ်တွေကို နောင်ချိုမြို့ဘက်မှာ ကျောက်မဲဘက်က လာတဲ့ယာဉ်တွေကို မိုးမြင့်သာ စားသောက်ဆိုင်အနီးမှာ ခေတ္တ ရပ်နားထားစေပါမယ်”ဟု အဆိုပါလမ်းပိုင်းတာဝန်ယူနေသည့် စီမံကိန်းမန်နေဂျာ ဦးသက်ဆွေက ပြောဆိုသည်။

ဂုတ်တွင်းလမ်းအပိုင်းရှိ မိုင်တိုင် အမှတ် ၈၃/ ၃ -၄အကြား ဒေသအခေါ် ကုလားမကွေ့တွင် ဩဂုတ်လ ၂၁ ရက်နေ့နှင့် ၂၃ ရက်နေ့တို့က နှစ်ရက်ဆက်တိုက် ဆီတင်ယာဉ်နှစ်စီး တိမ်းမှောက်ခဲ့သည့်အတွက် ဆီများလမ်းပေါ် ဖိတ်စဉ်မှုရှိနေပြီး လမ်းပေါက်ပြဲမှုများ ဖြစ်ပေါ်နေခြင်းနှင့် အကွေ့လမ်းအပိုင်းကို လမ်းပိုင်းဖြေလျှော့မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုလမ်းသည် ကုန်သွယ်မှုအတွက် အရေးပါသောလမ်းဖြစ်ပြီး နေ့စဉ် ကုန်တင်ယာဉ်ပေါင်း ပျမ်းမျှအစီးရေ ၆၀၀၀ ခန့် သွားလာနေရာ ကုလားမကွေ့ နေရာသည် အတက်အဆင်းကြီးခြင်း၊ အကွေ့ဖြစ်ခြင်းကြောင့် ၂၂ ဘီး ကုန်တင်ယာဉ်များနှင့် ဆီသယ်ယာဉ်များ မကြာခဏ တိမ်းမှောက်ခြင်းတို့ ဖြစ်ပေါ်နေရကြောင်း အဆိုပါလမ်းအသုံးပြုသည့် ယာဉ်မောင်းများထံမှ သိရသည်။

ဂုတ်တွင်းလမ်းအပိုင်းမှာ နောင်ချိုနှင့် ကျောက်မဲအကြားတွင်ရှိနေပြီး အကွေ့ပေါင်း၂၀ ကွေ့၊ အတက်အဆင်းများ ရှိနေခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှု မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် လေးလမ်းသွားတံတားတစ်စင်း တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။

R-07