News

POST TYPE

REGIONAL

ARSA အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများအတွက် နှစ်ပတ်လည်အခမ်းအနားလုပ်
26-Aug-2018


စစ်တွေ၊ ဩဂုတ် ၂၅

မောင်တောခရိုင်တွင် ARSA အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့သူများ တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ဩဂုတ်လ ၂၅ ရက် နံနက်က ရခိုင်အမျိုးသားပါတီ (ANP) က လုပ်ဆောင်ခဲ့သည်။ 

အကြမ်းဖက်သမားတို့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ရခိုင်နှင့် ရခိုင်မျိုးနွယ်စု၊ ဟိန္ဒူဘာသာဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်စူး၍ အခမ်းအနားကို စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားတွင် ပြုလုပ်ခဲ့သည်။

“တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ သေဆုံးခဲ့ရတယ်။ ဒေသခံတွေလည်း ကိုယ့်မြေကို စွန့်ခွာသွားခဲ့ရတယ်။ ယုတ်ညံ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချသင့်တဲ့ကိစ္စမျိုးဆိုတာကို ရခိုင်လူငယ်တွေအနေနဲ့ အမှတ်ရစေချင်တယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်က ARSA ဘင်္ဂါလီ အကြမ်းဖက်သမားများက ရဲကင်းစခန်း ၃၀ ကျော်ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့များ သေဆုံးခြင်း၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များ ဖြစ်ကြသော ဒိုင်းနက်၊ မြိုလူမျိုးတို့သည်လည်း အကြမ်ဖက်သမားများ၏ သတ်ဖြတ်ခြင်းကိုခံရ၍ သေဆုံးခဲ့ရပြီး ဟိန္ဒူဘာသာဝင်များမှာလည်း သတ်ဖြတ်ခံခဲ့ရသည်။ 

“ကျွန်တော်အခုထိ စိတ်မကောင်းဘူးပေါ့ ။ အဓိကတော့ ကျွန်တော်တို့ ဘင်္ဂါလီတွေနဲ့ အတူမနေနိုင်ဘူး။ သူတို့နဲ့နေရင် ဘာဖြစ်မလဲ ပြောလို့မရဘူး။ ဪ မနှစ်က ဖြစ်ခဲ့တဲ့အချိန်ရောက်ပြီ၊ အခုလည်း အဲဒီလို ဖြစ်လာမလားလို့ တွေးပူမိတယ်။ တောင်ယာတွေကိုလည်း မသွားရဲကြဘူး”ဟု မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှ မြိုအမျိုးသား ဦးစံထွန်းက ပြောသည်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့က ကိုင်းကြီးကျေးရွာသား ၈ ဦးကို အကြမ်းဖက်သမားများ သတ်ဖြတ်ခဲ့ရာတွင် ဦးစံထွန်းမှာ သားတစ်ဦးနှင့် ညီဖြစ်သူ တစ်ဦးလည်းပါဝင်သည်။

အကြမ်းဖက်ဖြစ်ပွားခြင်းကြောင့် ဒေသခံတိုင်းရင်းသားများ နယ်မြေစွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး ဘင်္ဂါလီလူမျိုးတို့သည်လည်း တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်။

လတ်တလော၌ နယ်စပ်ဒေသတွင် အကြမ်းဖက်သမားများ လူ၊ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ စုဆောင်းခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိ၍ နယ်စပ် ခြံစည်းရိုးတစ်လျှောက်မှာ ရဲကင်းစခန်းပေါင်း ၁၆၀ ကျော်ကို ဖြန့်ကြဲချထားကာ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ဖြင့် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

R-22


  • VIA