News

POST TYPE

REGIONAL

တောင်သာမြို့ပေါ်ရပ်ကွက်များ အိမ်တိုင်းစေ့ သောက်သုံးရေ ရမည်
25-Aug-2018


မိတ္ထီလာ၊ ဩဂုတ် ၂၅

တောင်သာမြို့ပေါ်ရှိ ရပ်ကွက်ခြောက်ခုမှ အိမ်ထောင်စုငါးသောင်းကျော်ကို ဩဂုတ်လ ၂၅ ရက်နေ့ကစ၍ သောက်သုံးရေ ပေးဝေနိုင်ပြီဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းအောင်က ရှင်းပြသည်။

အရှေ့တောင်အာရှ ဓာတ်ငွေ့ပိုက် လိုင်းကုမ္ပဏီ (SEAGP) က ကိုးလကြာ ဆောက်လုပ်ခဲ့သော ဂါလန် ၁၂၀ဝ၀ ဆံ့ ပေ ၄၀ ရှိ အမြင့်ရေတင်စင်နှစ်ခုနှင့် ပန့်မော်တာအပါအဝင် ဘုန်းစဉ်ရိုးဆည်မှ ရေဝေကန်သို့ HDPE ရေတင်ပိုက်လိုင်း ပေ ၇၀ဝ၀ သွယ်တန်းခြင်းလုပ်ငန်းဖွင့်ပွဲနှင့် စည်ပင်သာယာရေးအဖွဲ့ထံ လွှဲပြောင်းပေးအပ်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယခင်က အသုံးပြုခဲ့ရသောစနစ်မှာ လွန်ခဲ့သည့်နှစ်ပေါင်း သုံးဆယ်ကျော်ကတည်းက အသုံးပြုခဲ့ခြင်းဖြစ်၍ လိုအပ်ချက် များစွာရှိခဲ့ပြီး ယခုဖြန့်ဝေမှုစနစ်အရ တောင်သာမြို့ပေါ်ရပ်ကွက်များကို သောက်သုံးရေ ပိုမိုထောက်ပံ့ပေးနိုင်တော့မည်ဖြစ်ကြောင်း ဦးနေလင်းအောင်က ရှင်းပြသည်။

ယခုစတင်မည့် အမြင့်တင်ရေစင်နှင့် ရေဖြန့်ဝေခြင်းစနစ်သည် တောင်သာမြို့အတွက် အမှန်တကယ် လိုအပ်ချက်ဖြစ်ပြီး အိမ်တိုင်းစေ့သောက်သုံးရေရတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောဆိုသည်။

အဆိုပါ ရေပေးဝေရေးလုပ်ငန်းအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ အကျိုးတူ ပူးပေါင်းဆောက်ရွက်နေသော အရှေ့တောင်အာရှ ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (SEAGP) က ကျပ် ၁၀၂ ဒသမ ၇၉ သန်းခန့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

R-01