News

POST TYPE

REGIONAL

သနပ်ပင်ရှိ အလယ်တန်းကျောင်းကို အသစ်ပြန်ဆောက်မည်
23-Aug-2018


တောင်ငူ၊ ဩဂုတ် ၂၂

ပဲခူးတိုင်း သနပ်ပင်မြို့နယ် ရွှေလှေစု ကျေးရွာရှိ ကျောင်းအင်္ဂါရပ်နှင့်မညီဘဲ ပျက်စီးနေသည့်အတွက် အလယ်တန်းကျောင်းကို အသစ်ပြန်ဆောက်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး စီမံဌာနမှ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါကျောင်းသည် စာသင်ဆောင် အမိုးအကာမလုံခြုံသည့်အပြင် မြေကြီးပေါ် စာသင်ကြားနေရသည့်အတွက် လာမည့်ဘတ်ဂျက်နှစ်တွင် ကျောင်းဆောင်သစ်ပြန်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက သနပ်ပင်မြို့နယ် ရွှေလှေစုကျေးရွာအလယ်တန်း ကျောင်းရှိ ၆ တန်း၊ ၇ တန်းနှင့် ၈ တန်း ကျောင်းသားလေးများ စာသင်ကြားနေသည့် စာသင်ဆောင်ပေါက်ပြဲ ကျိုးပျက်နေသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်စာမျက်နှာတွင် တက်လာခဲ့ခြင်းနှင့်ပတ်သက်ပြီး ၎င်းက ယင်းကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျောင်းတာဝန်ရှိသူတွေက ပြင်ဆင်စရိတ်လည်း မတင်သလို အသစ်ဆောက်ပေးဖို့လည်း မတင်ခဲ့ဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကလေးတွေ ကျန်းမာရေးအတွက် စောင့်ရှောက်ဖို့နဲ့ ၂၀၁၈-၁၉ မီနီဘတ်ဂျက်မှာ မရပေမယ့် ဘတ်ဂျက်ကြီးကျလာတာနဲ့ တည်ဆောက်ပေးဖို့ မှာကြားထားပါပြီ”ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသက်နွယ်က ပြောဆိုသည်။

အဆိုပါ ရွှေလှေစုကျေးရွာ အလယ်တန်းကျောင်းမှာ ယခုစာသင်နှစ်ကမှ အလယ်တန်းအဆင့်တိုးမြှင့်ရရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသခံများက ၂၀၁၈-၁၉ မီနီဘတ်ဂျက်အတွက် အဆောင်သစ်ဆောက် လုပ်ပေးရန် တင်ပြခဲ့သော်လည်း ကျန်ရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ ရေဘေးထောက်ပံ့ ဖို့သွားရင်းနဲ့တွေ့ခဲ့တာပါ။ အရင်ကျောင်းဆောင်နှစ်ဆောင်ရှိပေမယ့် ဒီနှစ်တိုးတဲ့ အလယ်တန်းကျောင်းသားတွေကို သင်နေရတဲ့အဆောင် ပျက်စီးနေတာပါ။ ဒေသကလည်း ရေပတ်လည်ဝိုင်းနေတာလေ”ဟု ကျောင်းသားများ စာသင်နေရပုံကို လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ပဲခူးမြို့ခံ ဦးနေလင်းက ပြောဆိုသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် မီနီဘတ်ဂျက်ကာလက စာသင်ကျောင်းပေါင်း ၆၆၈ ကျောင်းဆောင် တိုးချဲ့ရန်နှင့် အသစ်တည်ဆောက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြတောင်းခံခဲ့သော်လည်း အစိုးရအဖွဲ့က တစ်ဝက်နီးပါး ချန်လှပ်ပြီး ချထားပေးခဲ့ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

R-15