News

POST TYPE

REGIONAL

ဘင်္ဂါလီတို့၏ အထောက်အထားကတ်ပြားပေါ်က အခေါ်အဝေါ် ပြင်ဆင်ပေးရန် မြန်မာအဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ် ပယ်ချဟုဆို
22-Aug-2018
ဒါကာ-ရန်ကုန်၊ ဩဂုတ် ၂၁

ဘင်္ဂါလီဒုက္ခသည်များကို ထုတ်ပေးထားသည့် အထောက်အထား (မှတ်ပုံတင်) ကတ်ပြားပေါ်တွင် သတ်မှတ်ဖော်ပြသည့် အခေါ်အဝေါ်အား ပြင်ဆင်ပြောင်းလဲပေးရန် မြန်မာနိုင်ငံ၏ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်သင့်မခံဘဲ ငြင်းပယ်လိုက်ကြောင်း ဒါကာအခြေစိုက် Daily Star သတင်းစာက ရေးသားဖော်ပြသည်။ 

ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီလူမျိုးဒုက္ခသည်များအတွက် ထုတ်ပေးထားသော မှတ်ပုံတင်ကတ်ပြားနှင့် အခြားသောစာရွက်စာတမ်းများတွင် ၎င်းတို့ကို “ဖိအားပေးရွှေ့ပြောင်းခံရသော မြန်မာနိုင်ငံသားများ”ဟု ဖော်ပြထားချက်ကိုပြင်ဆင်ပေးရန် မြန်မာအစိုးရက အဆိုပြုခဲ့ခြင်းဖြစ်သည်။ 

ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့ နေပြည်တော်၌ ကျင်းပပြုလုပ်သော ဝန်ကြီးများအဆင့်ဆွေးနွေးပွဲ၌ မြန်မာအစိုးရက အဆိုပါအခေါ်အဝေါ်အစား “ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းလာသူများ”ဟု ပြင်ဆင်ပြောင်းလဲပေးရန် အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိကြီးတစ်ဦးက Daily Star သတင်းစာနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် ပြောကြားသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေအိပ်ချ်မာမွတ်အလီ ဦးဆောင်သော သံတမန်အဖွဲ့က မြန်မာ၏ အဆိုပြုချက်ကို တစ်စုံတစ်ရာတုံ့ပြန် ပြောဆိုခဲ့ခြင်းမရှိရာ ယင်းအဆိုပြုချက်ကို လက်သင့်ခံသည်ဟု မြန်မာအစိုးရဘက်က ထင်မှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အဆိုပါ သံတမန်အဖွဲ့ ပြန်လည်ရောက်ရှိလာပြီးနောက် ဩဂုတ်လ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့် မြန်မာအစိုးရဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြန်လည်သုံးသပ်ခဲ့ကြကြောင်း၊ ထို့နောက် မြန်မာအစိုးရ၏ အဆိုပြုချက်ကို လက်သင့်မခံဘဲ ပယ်ချရန် ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ဩဂုတ်လ ၁၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေအိပ်ချ်မာမွတ်အလီနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့အနေနဲ့ ရိုဟင်ဂျာ (ဘင်္ဂါလီ) တွေကို နိုင်ငံမဲ့ပြည်သူ သို့မဟုတ် ယခင်အတိတ်ကာလကလို မရေရာ မသေချာတဲ့ အနေအထားထဲကို ပြန်ရောက်အောင် တွန်းမပို့နိုင်ဘူး။ ယခုတစ်ကြိမ်မှာတော့ ကုလသမဂ္ဂနဲ့ တခြားနိုင်ငံတကာအေဂျင်စီတွေရဲ့ ပံ့ပိုးမှုတွေလည်း ရှိထားတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ရိုဟင်ဂျာတွေကို ၎င်းတို့ရပ်တည်နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင် ဖန်တီးထားနိုင်ပြီဆိုမှ (မြန်မာဘက်ကို)ပြန်ပို့ပေးချင်တယ်။ ဒါမှလည်း ရခိုင်ပြည်နယ်ကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးကြရတယ်ဆိုတဲ့ဖြစ်ရပ်မျိုး ထပ်ဖြစ်ခွင့်မရတော့မှာပါ”ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ အရာရှိကြီးတစ်ဦးက ပြောကြားသည်။ 

ဘင်္ဂါလီဒုက္ခသည်များကို ဒုက္ခသည်စခန်းများတွင် ထိန်းသိမ်းမထားဘဲ ၎င်းတို့ နေအိမ်များတွင် နေထိုင်ခွင့်ရရှိအောင် ဖန်တီးပေးနိုင်ခြင်း၊ ရခိုင်ပြည်နယ်တွင်း လွတ်လပ်စွာသွားလာခွင့်ပြုခြင်း၊ အသက်မွေးဝမ်းကျောင်းခွင့်နှင့် အခြေခံရပိုင်ခွင့်တို့ရရှိအောင် ဖန်တီးပေးခြင်း အစရှိသည်တို့ကို အခိုင်အမာဖြစ်အောင် မြန်မာဘက်က ဖန်တီးပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

F-01



  • VIA