News

POST TYPE

REGIONAL

ခန္တီးတွင် ဘက်ထရီအိုး အပူလွန်ကဲပြီး ပေါက်ကွဲရာမှ တစ်ဦးသေဆုံး
21-Aug-2018

ကလေး၊ ဩဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာရှိ နေအိမ်တစ်ခုတွင် ဩဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်က တစ်ထောင်ဝပ်အားရှိ ဆိုလာပြားနှင့် ချိတ်ထားသည့် ၁၂ ဗို့ ဘက်ထရီအိုးသည် မီးထွန်းထားစဉ် အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။ 

ယင်းပေါက်ကွဲမှုကြောင့် ဘက်ထရီအိုးအနီးတွင်ရှိနေသည့် မောင်နေလင်းအောင် ၁၄ နှစ်သည် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြားမည်သူတစ်ဦး တစ်ယောက်မှ ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းထံမှ သိရသည်။

“သူနဲ့တစ်လံကျော် အကွာက ခုတင်ပေါ်မှာ အိပ်နေတဲ့ ကောင်ကလေးကတော့ ဘာမှမဖြစ်လိုက်ဘူး။ ဘက်ထရီအိုးနားမှာရှိနေတဲ့ ကောင်လေးကတော့ သေဆုံးသွားခဲ့တယ်။ သေဆုံးသွားတဲ့ ကလေးက ဟုမ္မလင်းမြို့ကနေ အခင်းဖြစ်ပွားတဲ့ နေအိမ်ကို အလည်ရောက်နေတာ တစ်လလောက်ရှိပြီ”ဟု မှန်ပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနော်လေးက ပြောဆိုသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခန္တီးမြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၆/၂၀၁၈ ဖြင့် အမှုဖွင့်ကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-20