News

POST TYPE

REGIONAL

ကလေး- ဟားခါးလမ်း အဆင့်မြှင့်တင်မှု ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်
20-Aug-2018 tagged as ကလေး ဟားခါး


ကလေး၊ ဩဂုတ် ၂၀ 

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်နယ်၊ ဟားခါးမြို့အထိ ဆက်သွယ်ဖောက်လုပ်ထားသည့် ကလေး-ဖလမ်း-ဟားခါး လမ်းအဆင့်မြှင့်တင်မှုကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ချင်းပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုးက ပြောကြားသည်။

အဆိုပါလမ်းသည် ၁၂၄ မိုင် ရှည်လျားပြီး အဆိုပါလမ်းမှ ၂၄ ပေ အကျယ်ကို လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်ရာ လမ်းပိုင်းအဆင့်မြှင့်တင်ရန် ယခုနှစ် မတ်လ ၂၀ ရက်နေ့က သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်၍ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစကာ အမေရိကန်ဒေါ်လာ ၆၆ သန်း အသုံးပြုပြီး လုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

“တင်ဒါခေါ်တာကအစ သူတို့ပဲ အစ အဆုံး တာဝန်ယူပြီး လုပ်မှာ။ သူတို့ကတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးမှာပါ”ဟု ဝန်ကြီး ဦးရွှေထီးအိုးက ပြောဆိုသည်။

ကမ္ဘာ့ဘဏ်က ပြည်ထောင်စုအစိုးရထံ ဒေါ်လာသန်း ၂၀၀ ထုတ်ချေးမည့်အနက်မှ ကလေး- ဖလမ်း-ဟားခါးကား လမ်းပိုင်း အဆင့်မြှင့်တင်ရန်အတွက် ဒေါ်လာသန်း ၆၀ ကျော်ကို ချင်းပြည်နယ် အစိုးရအဖွဲ့က ချေးယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချေးငွေမထုတ်ချေးမီ အချိန်တွင် လေ့လာရေးအဖွဲ့တစ်ဖွဲ့က ကွင်းဆင်းလေ့လာခဲ့ရာ ကလေး-ဖလမ်း-ဟားခါးလမ်း တိုးချဲ့ရာတွင် မြေယာဆုံးရှုံးသူများကို နစ်နာကြေးမပေးသည့်အပြင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်နစ်နာမှုများ တွေ့ရှိရသည်ဟု ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူက ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးထံ အောက်တိုဘာလ ၁၇ ရက်နေ့က တင်ပြခဲ့ပြီးနောက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အကြား ဆွေးနွေးညှိနှိုင်းမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ဘဏ်က အကူအညီပေးရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

R-20