News

POST TYPE

REGIONAL

ကလေးဝတွင် ရေအသုံးပြုခ တိုးမြှင့်ကောက်ခံရန် စီစဉ်မှုရပ်ဆိုင်း


ကလေး၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ပေါ်၌ ရေပေးဝေရေးလုပ်ငန်းတွင် အသုံးပြုရသည့် ဒီဇယ်ဈေးမြင့်တက်လာသဖြင့် ရေအသုံးပြုခ တိုးမြှင့်ကောက်ခံရန် ရေပေးဝေရေးကော်မတီက စီစဉ်ခဲ့မှုမှာ ယခုအခါ ရပ်ဆိုင်းထားကြောင်း ကလေးဝမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောကြားသည်။ 

ချင်းတွင်းမြစ်ရေကို ဒီဇယ်စက်ဖြင့် နေ့စဉ်တောင်ထိပ်ပေါ်ရှိ ရေကန်များသို့ တင်ပို့ပြီးမှ မြို့ပေါ်နေသူများထံ ပြန်လည်ဖြန့်ဝေရသည့် စနစ်ဖြစ်ရာ ယခုနှစ်ဇန်နဝါရီလမှစ၍ ဒီဇယ်တစ်ပီပါလျှင် ကျပ်တစ်သိန်းငါးသောင်းရှိရာမှ ယခုအခါ ကျပ်နှစ်သိန်းတစ်သောင်းအထိ ဈေးမြင့်တက်လာသဖြင့် ရေပေးဝေရေးကော်မတီတွင် ရေတိုင်ကြေးရရှိငွေနှင့် ဒီဇယ်ကုန်ကျစရိတ် မကာမိသဖြင့် ဩဂုတ်လမှစ၍ ရေတိုင်ကြေးတိုးမြှင့်ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ရေပေးဝေရေးကော်မတီထံမှ သိရသည်။

ယင်းသို့စီစဉ်ခဲ့သည့်အပေါ် ကလေးဝမြို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ စည်ပင်ကော်မတီအဖွဲ့ဝင်များ၊ ရေပေးဝေရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြိုတင်ညှိနှိုင်းတိုင်ပင်မှု မလုပ်ရသေးသဖြင့် ရပ်ဆိုင်းထားခြင်းဖြစ်ပြီး အစည်းအဝေးပြုလုပ်ပြီးမှ တိုးကောက်သင့် မသင့်ကို ဆုံးဖြတ်မည်ဖြစ်သည်။

“ရေပေးဝေရေးကော်မတီကို ဒီအတိုင်းပစ်ထားလို့တော့ မရတော့ဘူး။ အဲဒါကို အကောင်းဆုံးဖြစ်အောင် အဖွဲ့ပေါင်းစုံက တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းအဖြေရှာမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း မပြန်ခဲ့သေးဘူးဆိုတော့ လွှတ်တော်ကိုယ်စားလှယ်တွေစုံမှပဲ လုပ်ဖြစ်မယ်” ဟု ကလေးဝမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းက ပြောဆိုသည်။

ကလေးဝမြို့ပေါ် ရေတိုင်တစ်တိုင်လျှင် ယခင်ကောက်ခံနေသည့် နှုန်းထက် တစ်ထောင်ကျပ်ပိုမိုကောက်ခံရန် စီစဉ်နေခြင်းဖြစ်ပြီး ယင်းသို့စီစဉ်ရခြင်းသည် ရေပေးဝေရေးကော်မတီတွင် ဒီဇယ်ဖိုးကြွေးကျန် ၅၈ သိန်းဖိုးအထိ ရှိနေသည့်အတွက်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ကလေးဝမြို့ပေါ်နေ လူဦးရေ ရှစ်ထောင်ကျော်အတွက် သုံးရက်တစ်ကြိမ် အလှည့်ကျရေပေးဝေခြင်းပြုလုပ်နေကာမြို့ပေါ်တွင် ရေပေးဝေနေသည့် ရေတိုင် ၁၁၉၃ တိုင်ရှိကြောင်း ရေပေးဝေရေးကော်မတီထံမှ သိရသည်။

R-20