News

POST TYPE

REGIONAL

သရေခေတ္တရာမြို့ဟောင်းရှိ အထင်ကရနေရာ လေးခုမှ ရှုခင်းများကို အဆင့်မြှင့်
19-Aug-2018
ရန်ကုန်၊ ဩဂုတ် ၁၉

ရှေးဟောင်း သဘာဝနယ်မြေအတိုင်း ခံစားနိုင်ရန် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူခေတ်သရေခေတ္တရာမြို့ဟောင်းဇုန်ရှိ ဘောဘောကြီးဘုရားအပါအဝင် နေရာလေးခုမှ ရှုခင်း (Landscape) များကို အဆင့်မြှင့်တင်နေကြောင်း ဇုန်တာဝန်ခံ ဦးကျော်မျိုးဝင်းက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ရှေးဟောင်းအမွေအနှစ်ကို ကြည့်ဖို့လာတဲ့ ဧည့်သည်တွေရှိသလို အဲ့ဒီခေတ်နဲ့ယှဉ်တွဲဖြစ်ပေါ်ခဲ့တဲ့ ပတ်ဝန်းကျင်၊ ရှုခင်းနဲ့တိရစ္ဆာန်တွေကို လာကြည့်တဲ့ဧည့်သည်တွေလည်း ရှိတယ်။ သူများနိုင်ငံတွေမှာတော့ အခုလို Landscape အဆင့်မြှင့်ပြီးတော့ အထူးတလည် ဆောင်ရွက်တာတွေရှိတယ်။ ဒါပေမဲ့ သမိုင်းအထောက်အထားနဲ့တော့ ဆန့်ကျင်လို့မရဘူး”ဟု ဦးကျော်မျိုးဝင်ကဆိုသည်။

သရေခေတ္တရာမြို့ဟောင်းရှိ ထင်ရှားသည့်ဘောဘောကြီးဘုရား၊ နတ်ပေါက်၊ ရဟန္တာကန်၊ နဂါးတွန့် စသည့်နေရာ လေးခုမှ ရှုခင်းများအဆင့်မြှင့်ခြင်းကို ဩဂုတ်လမှစ၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

မြို့ဟောင်းရှိ အထင်ကရနေရာများကို အဆင့်မြှင့်ရာတွင် သာမန်ပန်းခြံများကဲ့သို့ အမြင်လှပစေရန် အဆင့်မြှင့်တင်ခြင်းမဟုတ်ဘဲ ပျူခေတ်တွင်ရှိခဲ့သည့် သဘာဝပတ်ဝန်းကျင်အတိုင်း ရရှိစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် ကျက်စားခဲ့သည့် ဒေသမျိုးရင်းငှက်များ ပြန်လည် ရောက်ရှိလာစေရန်နှင့်ပန်းမန်များ ရရှိစေရန် ပတ်ဝန်းကျင်များကို ပြန်လည်ဖန်တီးခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“မြန်မာနိုင်ငံမှာ ရှိရင်းစွဲကျေးငှက်တွေက ပတ်ဝန်းကျင် ပြောင်းလဲတဲ့အခါမှာ အခြားဒေသကို ရွှေ့ပြောင်းတာတွေရှိတယ်။ အခုလိုသဘာဝအတိုင်း Landscape အဆင့်မြှင့်ရင်၊ သဘာဝအရ တဖြည်းဖြည်းနဲ့ ဒေသမျိုးရင်းတွေ ပြန်ရောက်လာနိုင်တယ်”ဟု ငှက်ကြည့်ခရီးစဉ်ဧည့်လမ်းညွှန်တစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသများနှင့် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများရှိ ပတ်ဝန်းကျင်ရှုခင်းများ (Landscape) ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်လေ့ရှိပြီး ယင်းသို့ပြုလုပ်ရာတွင် သမိုင်းကြောင်းဆိုင်ရာ အထောက်အထားများကိုကိုးကား၍ ဒေသခံမျိုးရင်းများကိုသာ အသုံးပြု၍ ပြန်လည်ဖန်တီးရခြင်းဖြစ်ကြောင်း ဦးကျော်မျိုးဝင်းထံမှ သိရသည်။

သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့၏တောင်ဘက် ငါးမိုင်ခန့်အကွာတွင်တည်ရှိပြီး အေဒီ ၄ ရာစုမှ အေဒီ ၉ ရာစုအတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ဟောင်းတစ်မြို့ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတုတော်များ၊ ပျူကချေသည် အရုပ်များနှင့် ရွှေပေလွှာများကို တွေ့ရှိခဲ့ရပြီး မြို့ရိုးသည် ဧရိယာ ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်းသည်။

သရေခေတ္တရာ ပျူမြို့ဟောင်း အပါအဝင် ဟန်လင်းနှင့် ဗိဿနိုးတို့ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်က ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ပြုလုပ်သော ၃၈ ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်အစည်းအဝေးအပြီးတွင် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

J-14