News

POST TYPE

REGIONAL

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ငွေကြေးအခက်အခဲဖြစ်
17-Aug-2018
ဗန်းမော်၊ ဩဂုတ် ၁၆

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် သီလရှင်သင် ပညာရေးကျောင်းများတွင် သင်ကြားသူ ဆရာ၊ ဆရာမများအတွက် ငှားရန်းခ၊ စာသင်ခုံများနှင့် စာသင်ဆောင်တိုးချဲ့ဆောက်လုပ်ရန် စသည့်လိုအပ်ချက်များအတွက် ငွေကြေးအခက်အခဲဖြစ်ပေါ်နေကြောင်း အဆိုပါကျောင်းများထံမှ သိရသည်။

“တစ်နှစ်ထက်တစ်နှစ် ကျောင်းသားဦးရေက တိုးလာတော့ ထပ်ပြီးတိုးချဲ့စရာတွေရှိလာတယ်။ လက်မခံတော့ဘူးဆိုပြီး ငြင်းလို့ကလည်းမဖြစ်ဆိုတော့ လိုအပ်တဲ့ ငွေဘုန်းကြီးပဲအလှူခံ၊ ဘုန်းကြီးပဲ စိုက်လုပ်နေရတယ်”ဟု သီရိဓဇ ဘုန်းတော်ကြီးသင်ကျောင်း ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌက မိန့်ကြားသည်။

သီရိဓဇ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၁၉၉၃-၉၄ ပညာသင်နှစ်မှ စတင်ပြီး စာသင်ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးနှင့်စတင်ဖွင့်လှစ်ခဲ့ရာမှ ၂၀၁၄-၁၅ ပညာသင်နှစ်တွင် မူလတန်း လွန်ကျောင်းအဆင့်သို့ တိုးမြှင့်ပေးလိုက်ပြီးနောက် ကျောင်းသားဦးရေများ တဖြည်းဖြည်းတိုးမြင့်လာခဲ့ကာ ယခုပညာသင်နှစ်၌ ကျောင်းသားဦးရေ ၁၃၅ ဦးသို့ ရောက်ရှိလာကြောင်း ဆရာတော်က မိန့်ကြားသည်။

လက်ရှိဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးသင်ကျောင်းများ၌ သင်ကြားနေသည့် ဆရာ၊ ဆရာမတစ်ဦးအတွက် တစ်ဦးလျှင် တစ်လ ကျပ်ခုနစ်သောင်းဖြင့် ငှားရန်သင်ကြားပေးနေရပြီး ကျောင်းသား ၁၀၀ ဦးလျှင် ကျပ် ၅ သိန်း ထောက်ပံ့ကြေးရနေသော်လည်း တစ်လလျှင် ကျပ်ခုနစ်သိန်းခန့် စိုက်နေရကြောင်း ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌက မိန့်ကြားသည်။ 

“ဒီကျောင်းတွေရှိတာ သိပ်ကောင်းတယ်။ ကလေးတွေ လိမ္မာယဉ်ကျေးရှိလာတယ်။ ကျောင်းသားနည်းနည်းနဲ့သင်ရတော့ တတ်မြောက်မှုအပိုင်း ပိုကောင်းလာတယ်။ ဘာသာသာသနာကို ကြည်ညိုအားထားမှု ပိုကောင်းလာတယ်။ ဒါကို နိုင်ငံတော်အစိုးရကလည်း ပံ့ပိုးပေးဖို့လိုအပ်ပါတယ်”ဟု ဗန်းမော်ဒေသခံ စာရေးဆရာ စောဝေညိုက ပြောဆိုသည်။

ဗန်းမော်ခရိုင်အတွင်း ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၅ ကျောင်းနှင့် သီလရှင်သင်ပညာရေးကျောင်း ၃ ကျောင်းရှိကြောင်း ဗန်းမော်ခရိုင် ပညာရေးမှူးရုံးထံမှ သိရသည်။ 

R-14


  • VIA