News

POST TYPE

REGIONAL

ကြက်သွန်နီဈေးကျ၍ တောင်သူများ အရှုံးပေါ်
17-Aug-2018



ကလေး၊ ဩဂုတ် ၁၆ 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းမှ ထွက်ရှိသည့် ကြက်သွန်နီမှာ ဈေးကျဆင်းခဲ့၍ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ကြက်သွန်စိုက်ပျိုးသည့်တောင်သူများက ပြောကြားသည်။ 

ဖလမ်းမြို့နယ်မှ ထွက်ရှိသည့် ကြက်သွန်နီများကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ယခုနှစ် ကြက်သွန်ပေါ်ချိန်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၇၀ သာရှိပြီး ယခင်နှစ်က ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂၀၀၀ ရရှိခဲ့သည့် ဈေးနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကာ တောင်သူများအနေနှင့် အရှုံးပေါ်နေခြင်းဖြစ်ကြောင်း ဖလမ်းမြို့နယ်ရှိ ကြက်သွန်နီ စိုက်တောင်သူများထံမှ သိရသည်။ 

ကြက်သွန်နီကို ဖလမ်းမြို့နယ်ရှိ ဘားရ်လုမ်၊ လုမ်းဘန်၊ ပါရ်သဲ၊ ဘွလ်ခွါးနှင့် ဖိုင်ဇောကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး နှစ်စဉ်ဒီဇင်ဘာလမှ စတင်စိုက်ပျိုးကာ ဩဂုတ်လတွင် ခူးဆွတ်၍ ဈေးကွက်အတွင်း ရောင်းချကြခြင်းဖြစ်သည်။

“မရောင်းပဲထားရင်လည်း ပုပ်ကုန်လို့ လွှင့်ပစ်ရတာဆိုတော့ ရတဲ့ဈေးနဲ့ ရောင်းနေရတာပဲ။ စိုက်ပျိုးစရိတ်အရင်းတောင် မရချင်ဘူး”ဟု လုမ်းဘန်ကျေးရွာမှ ဦးပိန်ပိန်က ဆိုသည်။

အဆိုပါကျေးရွာများသည် လှေကားထစ် တောင်ယာစိုက်ခင်းအဖြစ် ကြက်သွန်နီကို စိုက်ပျိုးကြခြင်းဖြစ်ပြီး လှေကားထစ် တောင်ယာတစ်ကွက်လျှင် ကြက်သွန်နီ ပိဿာချိန် ၂၀၀၀ မှ ၅၀၀၀ အထိ ထွက်ရှိကာ ဖလမ်းမြို့နယ်အတွင်း ကြက်သွန်စိုက်ဧကသည် ယခုနှစ်တွင် ၂၂၆ ဧကရှိကြောင်း ဖလမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ 

ချင်းပြည်နယ်မှ ကလေးမြို့သို့ ရောက်ရှိလာသည့် ကြက်သွန်နီများကို ကလေးမြို့ဈေးကွက်အတွင်း ရောင်းချသကဲ့သို့ မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်သည့် တမူးမြို့နယ်စပ်မှတစ်ဆင့် အိန္ဒိယသို့တင်ပို့ ရောင်းချခြင်းဖြစ်ကာ ယခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ကြက်သွန်နီအဝယ်နည်းသဖြင့် ကြက်သွန်နီဈေးများ ကျဆင်းရခြင်းဖြစ်ကြောင်း တာဟန်းရပ်ကွက်အတွင်းရှိ ကုန်စိမ်းပွဲရုံများထံမှသိရသည်။

R-20