News

POST TYPE

REGIONAL

ဧရာဝတီတိုင်းရှိ ကျောင်း ၁၇၀ ကျော် ရေဝင်၍ ယာယီပိတ်
16-Aug-2018
ပုသိမ်၊ ဩဂုတ် ၁၆

ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြစ်ရေများ မြင့်တက်လာခြင်း၊ ပင်လယ် ဒီရေ ဝင်ရောက်လာခြင်းတို့ကြောင့် ဩဂုတ် ၁၆ ရက်နေ့အထိ အခြေခံပညာကျောင်း ၁၇၀ ကျော် ယာယီပိတ်ထားရကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ထုတ်ပြန်သည်။

ပိတ်ထားလိုက်ရသည့်ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအတွက် ကျောင်းခေါ်ချိန် ပြည့်မီရေး၊ သင်ခန်းစာ ပြီးမြောက်ရေးတို့အတွက် အစားထိုးကျောင်း တက်ရမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေနှင့် ဥပုသ်နေ့များတွင် အစားထိုး တက်ရောက်ရမည့်အပြင် လိုအပ်ပါက ကျောင်းတက်ချိန်မတိုင်မီနှင့် ကျောင်းဆင်းချိန်များတွင် အချိန်ပို သင်ကြားစေမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း (၁၀ တန်း) ကျောင်းသူ ကျောင်းသားများအတွက် သင်ခန်းစာမမီခြင်းများ ရှိလာပါက သီတင်းကျွတ် ကျောင်းပိတ်ရက်နှင့် ဒီဇင်ဘာ ကျောင်းပိတ်ရက်များတွင် အစားထိုး သင်ကြားစေမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

“ဘိုကလေးမှာက ၄၇ ကျောင်းပိတ်ထားရတယ်။ ရေကျတာနဲ့ ကျောင်းတွေ ပြန်ဖွင့်သွားမှာပါ၊ ဒီရေက ဝါဆိုလကွယ် ရေပဲရှိသေးတာ။ ကျွန်တော်စိုးရိမ်တာက ဝါခေါင်လပြည့် (ဩဂုတ် ၂၆ ရက်) ရေပေါ့၊ သူက လကွယ်ရေထက် ပိုတက်တတ်တယ်။ အဲဒီရက်တွေမှာလည်း သတိထားဖို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု ဘိုကလေးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ) ဦးစံမင်းအောင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိရာ ၁၅ မြို့နယ်ရှိ အခြေခံပညာကျောင်းများကို ဩဂုတ် ၁၃ ရက်နေ့မှစ၍ ယာယီ ပိတ်ထားခဲ့ရပြီး ဩဂုတ် ၁၆ ရက်နေ့အထိ အထက်တန်းကျောင်း ၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၅ ကျောင်း၊ အလယ်တန်းကျောင်း ၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၂ ကျောင်း၊ မူလတန်းလွန်ကျောင်း ၂၃ ကျောင်း၊ မူလတန်းကျောင်း ၁၀၄ ကျောင်းနှင့် မူလတန်း ကျောင်းခွဲ ၃ ကျောင်း ယာယီပိတ်ထားရကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ထို့ပြင် ဒေသအချို့ရှိ ကျောင်းများ၌ ရေဝင်ရောက်မှုမရှိသော်လည်း ကျောင်းလာတက်မည့် ကျောင်းသူကျောင်းသားများ၏ ကျေးရွာ၊ ရပ်ကွက်များတွင် ရေများ ဝင်ရောက်နေသောကြောင့် ကျောင်းတက်ရသည့် လမ်းခရီးတွင် အန္တရာယ် ဖြစ်ပေါ်လာနိုင်သဖြင့် ကျောင်းပိတ်ထားရခြင်းများလည်းပါဝင်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

R-11